ခမ်းပတ်မြို့မှာ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတဦး သေဆုံးလျက်တွေ့ရှိ

အောက်တိုဘာ၊ ၁၁
 
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်းရှိ ခမ်းပတ်မြို့၊ အမှတ် ၁ ရပ်ကွက်မှာ စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတဦးကို အောက်တိုဘာလ ၁၁ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ သေဆုံးလျက်တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
” စတွေ့ကတည်းက ‌နည်းနည်းတောင့်နေပြီ။ ညဦးပိုင်းလောက်က သေတာဖြစ်မယ်လို့ ထင်တယ်ဗျ ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူ အမျိုးသမီးဟာ တမူးမြို့ပေါ်မှာ ခြေလျင်လျှောက်သွားနေတဲ့သူဖြစ်ပြီး မိသားစုမရှိသလို အသက်အရွယ်ကိုလည်း သေချာမသိရတဲ့အပြင် အအေးဒဏ်နဲ့ မူးယစ်ဆေးဝါးမသုံးစွဲရတဲ့အတွက် သေဆုံးတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတချို့က ဆိုပါတယ်။
 
” မနေ့ည ဆယ်နာရီလောက်က တအားအော်တဲ့အသံတစ်ခု ကြားတယ်။ ကျနော်တို့က စစ်တပ်ကုန်းနဲ့နီးတော့ ညလည်းညဆိုတော့ အပြင်ထွက်မကြည့်ရဲဘူးဗျ။ မနက်ကျတော့ ဒီအမျိုးသမီး သေနေတာ တွေ့တာပဲ ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
 
တမူးမြို့နယ်အတွင်းအရင်က မူးယစ်ဆေးသုံးစွဲမှုကြောင့် သေဆုံးသူ အများအပြား ရှိခဲ့သော်လည်း အာဏာသိမ်းမှု နောက်ပိုင်းမှာ နယ်ခံပီဒီအက်ဖ်တွေရဲ့ ထိန်းသိမ်းမှုကြောင့် ဆေးသုံးစွဲမှု လျော့ကျနေလာတယ်လို့ အိန္ဒိယနိုင်ငံရှိ ဆေးဖြတ်စခန်းတခု တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
ဓာတ်ပုံ – Social Media