မင်နီဆိုးတားက ဖရုံသီးကြီးတလုံး ကမ္ဘာ့အကြီးဆုံး စံချိန်သစ်တင်

အောက်တိုဘာ၊ ၁၁

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်က ဧရာမ ဖရုံသီးကြီး တလုံးဟာ ကမ္ဘာ့စံချိန်သစ် တင်ခဲ့သလို ပြိုင်ပွဲမှာ ပထမဆုပါ ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ်မှာ ကျင်းပတဲ့ အလေးလံဆုံး ဖရုံသီး ပြိုင်ပွဲမှာ မိုက်ကယ် ဂျော်ဒန်လို့ နာမည်ပေးထားတဲ့ ဖရုံသီးကြီးက ဒေါ်လာ ၃ သောင်း ဆုကြေး ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။ မိုက်ကယ် ဂျော်ဒန်ဟာ အလေးချိန် ၂၇၄၉ ပေါင်ရှိပြီး အရင်က ကမ္ဘာ့စံချိန်ထက် ၄၇ ပေါင် အသာနဲ့ စံချိန်သစ် တင်ခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်ဂျော်ဒန်ကို တယုတယ စိုက်ပျိုးပြုစုခဲ့သူ မင်နီဆိုးတား ကျောင်းဆရာ ထရာဗစ် ဂျီယန်ဂျာက သူ့ဖရုံသီးကြီးကို တနေ့ ၁၂ ကြိမ် တိတိကျကျ ရေလောင်းပေးခဲ့ရကြောင်း ပြောပါတယ်။ ဂျီယန်ဂျာက ဖရုံစေ့ကို ဧပြီ ၁၀ ရက်မှာ စတင် စိုက်ပျိုးပြီး မြေဩဇာကျွေးပြီး အရိပ်တကြည့်ကြည့် ပျိုးထောင်ဖို့အတွက် ဒေါ်လာ ၁၅၀၀၀ လောက်ထိ သုံးစွဲခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ မိုက်ကယ်ဂျော်ဒန်ကို ထရပ်ကားပေါ်တင်ပြီး ကယ်လီဖိုးနီးယားမှာ ပြိုင်ပွဲ သွားဝင်ခဲ့တာပါ။ အဲဒီပြိုင်ပွဲမှာ ပါဝင်တဲ့ ဖရုံသီးတွေကို ဝန်ချီစက် ကရိန်းကား အငယ်စားလေးတွေနဲ့ ရွှေ့ပြောင်းရလေ့ ရှိပါတယ်။

အသက် ၄၃ နှစ်အရွယ် ဂျီယန်ဂျာဟာ ဆယ်ကျော်သက် ဘဝကတည်းက ဖရုံသီးတွေ စိုက်ပျိုးခဲ့ပြီး နှစ်အလိုက် ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆု ၃ ကြိမ်ထိ ရရှိခဲ့ဖူးသူပါ။ သူဟာ ဖရုံသီး စိုက်ပျိုးမှုကို အပျော်သဘောနဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စီးပွားဖြစ် ပရော်ဖက်ရှင်နယ် အလုပ်တခု အနေနဲ့ပါ စွဲစွဲမြဲမြဲ ဆက်လက် လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။

 

Ref: BBC