အရှေ့အလယ်ပိုင်း ပဋိပက္ခမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ စစ်ကောင်စီ တိုက်တွန်း

အောက်တိုဘာ၊ ၁၁

အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်တို့ကြား လက်ရှိ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြစေလိုကြောင်း အာဏာသိမ်း မြန်မာ စစ်ကောင်စီက သဘောထား ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထား ကြေညာချက်ကို အောက်တိုဘာ ၁၁ ရက် ရက်စွဲနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ရဲ့ ထုတ်ပြန်ချက်မှာ “အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများ အတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအား အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိပက္ခ ပိုမိုကြီးထွားလာမှု မဖြစ်စေရေးနှင့် လက်ရှိဖြစ်ပွားနေဆဲ တင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းများအကြား ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းပါသည်”ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

အာဏာသိမ်းလိုက်တဲ့နောက် မြန်မာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပဋိပက္ခတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာစေခဲ့တဲ့ အဓိက လက်သည် အဖွဲ့အစည်းက အစ္စရေး-ပါလက်စတိုင်း အရေးမှာ အခုလို ကြေညာချက်ထုတ်ပြီး အမှတ်ဝင်ယူခဲ့တာပါ။

တကမ္ဘာလုံးက အရှေ့အလယ်ပိုင်း ပဋိပက္ခဆီ အာရုံရောက်နေတဲ့ အတောအတွင်းမှာပဲ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ရဲ့ ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသက မုန်လိုင်ခက် စစ်ရှောင်စခန်းကို အောက်တိုဘာ ၉ ရက် ညပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် လူ ၂ ဒါဇင်ထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။

 

Ref: SAC MoFA