မြောင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော် ထွက်ပြေးနေရ

စက်တင်ဘာ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက်၊ မနက်ပိုင်း အစောပိုင်းကတည်းက စစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော်လောက်ဟာ ဘေးကင်းရာကို နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
 
“ မနက်အစောကြီးကို စက်လှေတွေနဲ့ ဒီဖက်ကူးလာတာပေါ့။ စစ်ကြောင်းက အခုနှစ်ကြောင်းခွဲပြီး ညှပ်ထိုးနေတဲ့ သဘောပဲ ” လို့ မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်သုံး တာဝန်ခံ ကိုအားမာန် ဆိုပါတယ်။
 
အင်အားတရာကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၄ ရက်၊ မနက် ၅ နာရီလောက်မှာ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီးမီးခုံဆိပ်ကမ်း မှတဆင့် ဧရာဝတီမြစ်ကို ဖြတ်ပြီး မြောင်နယ် နဂါးပေါက်ရွာနဲ့ ဘုန်းကောင်းရွာကို စတင်ပြီး စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာပါ။
 
လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် မြစ်အနောက်ဖက်ကမ်းရှိ နဂါးပေါက်၊ ဘုန်းကောင်း၊ နေပူကုန်း၊ ချောင်းသင်း၊ မန်မသော်၊ တောင်ကြီး၊ ရွှေဘိုသာကျေးရွာ စတဲ့ ရွာပေါင်း ဆယ်ရွာလောက်က ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
 
“​စစ်ရှောင်တွေကတော့ နီးစပ်ရာ ကျေးရွာတွေကို ပဲထွက်ပြေးနေရတယ် ” လို့ ကိုအားမာန်က ဆိုပါတယ်။
 
စစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေဟာ ကျွန်းစုနေရာတွေ ဖြစ်တဲ့အတွက် ဒေသခံတွေဟာ သွားရေးလာရေး ခက်ခက်ခဲခဲနဲ့ စစ်ရှောင်နေကြရတဲ့အတွက် အသက်အရွယ်ကြီးရင့်သူတွေအတွက် အရမ်းဒုက္ခရောက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ ကျနော်တို့ဆီမှာက အခုလက်ရှိ ရေတွေဝိုင်းနေတာ ကုန်းကြောင်း မပေါက်၊ ရေကြောင်း မပေါက် ဖြစ်နေတယ်။ ချင်းတွင်းနဲ့ ဧရာဝတီမြစ်ကြားမှာရှိတဲ့ ကျွန်းနေရာပါ။ ကျွန်းဖက်ဆိုတော့ အခုမှာ ရေတိုးပြီး ကျသွားတာဆိုတော့ ကုန်းကြောင်းလည်း သွားမရ ရေကြောင်းကျတော့လည်း စက်လှေတွေက ဘယ်မှ မောင်းမရဖြစ်နေတာ ” လို့ ကိုအားမာန်က ပြောပါတယ်။
 
စစ်ရှောင် တစ်ထောင်ကျော်လောက်ကို လက်တလောမှာ အနီးအနားက ကျေးရွာတွေက အလှူခံရရှိတဲ့ ဆန်နဲ့ စားနပ်ရိက္ခာတွေကို ခွဲဝေချက်ပြုတ် စားသောက်နေရပြီး ရုတ်တရတ် စစ်ရှောင်ရတဲ့အတွက် ဒေသခံပြည်သူတွေမှာ စားဝတ်နေရေးအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။
 
ဒါ့အပြင် မနေ့က မနက်ပိုင်းက ဝင်လာတဲ့ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းလောက်က စတင်ပြီးတော့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သူကပြောပါတယ်။
 
“ သူတို့က ရွာတရွာကို ဝင်ဖို့လုပ်တာကို ဒီဖက်က ပြန်လည် ခုခံကြရင်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ နှစ်ဖက်အထိအခိုက် အခြေအနေတွေတော့ မသိရသေးဘူး။ အခုထိကို တိုက်ပွဲတွေ ဖြစ်နေတုန်းပဲဗျ။ သူတို့ဖက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေလည်း ရှိတယ် ” လို့ ကိုအားမာန်က ပြောပါတယ်။
 
ဓာတ်ပုံ – မြိုင်ပကဖ