မုံရွာအခြေစိုက် နမခတပ် ပြည်သူနဲ့ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုသတိပေး

စက်တင်ဘာ၊ ၁၅
 
စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြည်သူနဲ့ပူးပေါင်းဖို့ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ဖြစ်တဲ့ Black Falcon အဖွဲ့က စက်တင်ဘာလ ၁၄ ရက်က သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
 
ဗိုလ်မှူးချုပ်တဦး အပါအဝင် ဗိုလ်ကြီးအဆင့်အထိ နမခလက်အောက်ခံ စစ်တပ်အရာရှိပေါင်း တရာကျော်ပါဝင်တဲ့ စာရင်းကို ထုတ်ပြန်လိုက်ပြီး စက်တင်ဘာလ ၁၃ ရက်နေ ၃၁ ရက်အတွင်း နောက်ဆုံးထား ပူးပေါင်းဖို့နဲ့ မပူးပေါင်းရင် ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
“ သူတို့နည်းအတိုင်းသာ ကျွန်တော်တို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ဆီမှာလည်း သူတို့နဲ့ ပတ်သက်သူတွေ စာရင်းတွေက အစရှိတယ်။ ဒါပေမယ့်ကျွန်တော် ဘက်ကတော့ စေခိုင်းသူတွေနဲ့ ဆောင်ရွက်နေသူတွေကို ပြန်လည်အရေးယူမှာ “ လို့ Black Falcon အဖွဲ့တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူ လွှတ်စေချင်ရင် လာပြီးအဖမ်းခံဖို့ အကြပ်ကိုင်ဖိအားပေးလုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
 
“ ခုရက်ပိုင်း ဖြစ်သွားတာ ကျွန်တော်တို့ ရဲဘော်တွေထဲက မိဘတွေကို ဖမ်းသွားတယ်။ နောက် ယောက်ျားကိုဝင်ဖမ်းတာ မမိလို့ မိန်းမကို ဖမ်းသွားတာတွေ ရှိတယ်။ ဖမ်းမိတဲ့ မိသားစုတွေနဲ့ ရဲဘော်တွေကို အကြမ်းဖက်ဖိအားပေးပြီး လဲလှယ်ခိုင်းနေလို့ သတိပေးချက်ထုတ်တာ ” လို့ Black Falcon အဖွဲ့ကတာဝန်ရှိသူ ကဆိုပါတယ်။
 
စစ်ကောင်စီတပ်က ဖမ်းဆီးခံရတဲ့ မိသားစုတွေနဲ့ ရဲဘော်နာမည်တွေနဲ့ ဘယ်နေ့က ဖမ်းဆီးခံရတာ၊ အရေအတွက်ဘယ်လောက်ရှိတယ်စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ပြောဖို့ ငြင်းဆန်ပါတယ်။
 
” သူတို့ဘက်ကတော့ လာလှယ်ပါလို့ ဘယ်ပြောမလဲပေါ့ဗျာ။ မိန်းမတွေ၊ ကလေးတွေ၊ မိဘတွေ ပါသွားတော့ ရဲဘော်တွေက သူတို့မိသားစုကို အထိခိုက်မခံဘူး သူတို့ကိုယ်တိုင် သွားအဖမ်းခံတဲ့သူတွေ ရှိတယ်။ အဲ့လိုလုပ်တာကိုက နည်းလမ်းမမှန်တာလေ။ ကျန်နေတဲ့ မိသားစုနဲ့ ဘာမှမသက်ဆိုင်ဘူး။ မိသားစုနဲ့ အကျပ်ကိုင်တဲ့ပုံစံမျိုးပဲပေါ့ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
အခုလို စစ်ကောင်စီတပ်က မိသားစုဝင်တွေကို ဖမ်းဆီးပြီး ရဲဘော်တွေနဲ့ လူချင်း လဲလှယ်ခိုင်းတဲ့ လုပ်ရပ်ဟာ နိုင်ငံ့စစ်တပ်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းမရှိတဲ့ လုပ်ရပ်ဖြစ်တာကို အတိအလင်း ဖော်ပြလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
 
ဓာတ်ပုံ – Social Media