မြန်မာစစ်တပ်ကို စစ်ဘက်သုံးပစ္စည်းတွေ မရောင်းဖို့ လက်မှတ်ထိုးကမ်ပိန်း ကိုးထောင်ကျော်သာရသေး

စက်တင်ဘာ၊ ၁၃

မြန်မာစစ်တပ်ထံ လေယာဉ်ဆီ၊ စစ်ဘက်သုံး လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ရောင်းချနေမှုကို ရပ်တန့်ပေးဖို့ စင်ကာပူအစိုးရထံ တောင်းဆိုမယ့် လက်မှတ်ထိုးကမ်ပိန်းအတွက် လက်မှတ်ရရှိမှု အလွန်နည်းနေသေးတယ်လို့ လှုပ်ရှားမှု ဦးဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်ကတည်းက စတင်နေတဲ့ အဲဒီကမ်ပိန်းကို စက်တင်ဘာလ ၁၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ပြည်သူတွေဆီကနေ လက်မှတ်ပေါင်း အနည်းဆုံး တသိန်းရရှိဖို့ ရည်ရွယ်ထားပေမယ့် ကမ်ပိန်းပြီးဆုံးဖို့ နှစ်ရက်အလို  ၁၃ ရက်အထိ လက်မှတ် ကိုးထောင်ကျော်သာ ရရှိပါသေးတယ်။

“မရတော့လည်း ရသလောက်ပေါ့နော်။ ရသလောက်နဲ့ပဲ ကျနော်တို့ ပို့သွားမယ်။ ဒါပေမယ့် များများရလေတော့ ပိုထိရောက်လေပေါ့နော်” လို့ Blood Money Campaign (BMC) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ စစ်ဘက်ဆိုင်ရာ လက်နက်တွေ ရောင်းချနေမှုကို တားဆီးပေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုတော့ စင်ကာပူအစိုးရထံ ဒီလ နောက်ဆုံးအပတ်ထဲမှာ ပေးပို့သွားမှာဖြစ်ပြီး အဲဒီလှုပ်ရှားမှုမှာ BMC နဲ့အတူ တခြားတော်လှန်ရေးအဖွဲ့ နှစ်ဆယ်ကလည်း ပူးပေါင်းပါဝင်မှာ ဖြစ်ပါတယ်။

ပြည်သူတွေအနေနဲ့ကတော့ အဲဒီ လက်မှတ်ထိုးကမ်ပိန်းကို အွန်လိုင်းကနေ ပါဝင်လုပ်ဆောင်နိုင်မှာဖြစ်ပြီး လက်မှတ်ထိုးပါဝင်နည်း လုပ်ဆောင်ပုံ အဆင့်ဆင့်ကိုတော့ “Blood Money-သွေးစွန်းငွေ” ဖေ့စ်ဘုတ်စာမျက်နှာမှာ အသေးစိတ် ရှင်းပြထားပါတယ်။

ဒါ့အပြင် အဲဒီ အိတ်ဖွင့်ပေးစာကနေတဆင့် မြန်မာအာဏာသိမ်းစစ်ကောင်စီက စင်ကာပူဘဏ္ဍာရေးစနစ်တွေကို အသုံးပြုခွင့်ရနေမှုကို တားဆီးပေးဖို့ကိုလည်း တောင်းဆိုသွားမယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံရှိ ဘဏ်ကြီးသုံးခုမှာတော့ စစ်ကောင်စီကအပ်နှံထားတဲ့ အရန်ငွေ အမေရိကန်ဒေါ်လာ လေး ဘီလီယံကျော်ရှိနေပြီး အဲဒီငွေတွေကိုထုတ်ယူသုံးစွဲခွင့်မရအောင် ကြိုးပမ်းနေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းပြုလုပ်တဲ့  သတင်းစာရှင်းလင်းပွဲမှာ  ပြောဆိုဖူးပါတယ်။

အလားတူပဲ မြန်မာစစ်အုပ်စုဟာ လက်နက်ဝယ်ယူမှုတွေအပါအဝင် နိုင်ငံခြားငွေပေးချေမှုတွေအတွက် စင်ကာပူနိုင်ငံရှိ ဘဏ်တွေကို အဓိကထား အသုံးပြုတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ကုလအထူးကိုယ်စားလှယ် Tom Andrews ရဲ့ မေလ ၁၇ ရက် အစီရင်ခံစာထဲမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းကာလကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်းတထောင်နီးပါး လက်နက်တွေ ဝယ်ယူတင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ ရုရှားကနေဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်း ဖိုးအပြင် စင်္ကာပူဟာ အရေးပါတဲ့ ကြားခံနေရာအဖြစ် ဒါဇင်နဲ့ချီတဲ့ လက်နက်ကုမ္ပဏီတွေထံကနေ ဒေါ်လာ ၂၅၄ သန်းဖိုး စင်္ကာပူကတဆင့် မြန်မာစစ်တပ်ထံကို ပေးပို့တင်သွင်းခဲ့တယ်လို့ ဖော်ပြပါတယ်။

လက်ရှိအချိန်ထိ စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်ထံ လက်နက်တင်ပို့ရောင်းချမှု တတိယအများဆုံးနိုင်ငံအဖြစ် ရှိနေပြီး စင်ကာပူအစိုးရက အဲဒီလို လက်နက်တင်ပို့ရောင်းချနေမှုတွေကို ပိတ်ဆို့ပေးပါက စစ်ကောင်စီအတွက် ထိခိုက်နစ်နာမှု အများကြီးရှိလာနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ယုံကြည်နေကြပါတယ်။

“စင်ကာပူအစိုးရဆီ စာပို့တဲ့ နေရာမှာပေါ့နော် လူအများကြီးရဲ့ လက်မှတ်ပါဝင်မှုက အများကြီးအရေးပါ ပါတယ်။ အခုပြီးဖို့ကလည်း နှစ်ရက်လိုသေးတယ်။ အဲနှစ်ရက်အတွင်းမှာလည်း မထိုးရသေးတဲ့လူတွေ ထိုးပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ အထက်ပါ BMC  တာဝန်ရှိသူက တိုက်တွန်းပါတယ်။