စက်တင်ဘာ၊ ၁၃
မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ ဆီကုန်သည်အသင်းက ရောင်းချနေတဲ့ စားသုံးဆီ ရောင်းချမှုပုံစံကို စက်တင်ဘာလ ၁၃ ရက် ဒီကနေ့စပြီး ပြောင်းလဲလိုက်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
“ တပတ်နှစ်ရက်ပဲ ရောင်းပေးမယ်ပြောတယ်။ ဘယ်ရက်တွေလည်းတော့ မပြောသေးဘူး။ ဒီနေ့ညနေ စရောင်းမယ်ပြောတယ် ” လို့ ဒေါပုံမြို့နယ်မှာရှိတဲ့ အိမ်ရှင်မတဦးက ပြောပါတယ်။
စားသုံးဆီတွေကို မြန်မာနိုင်ငံ ဆီကုန်သည်အသင်းက သတ်မှတ်ထားတဲ့ စားသုံးဆီ လက်လီ၊ လက်ကား အရောင်းဆိုင်တွေမှာ အခြေခံလက်ကားရည်ညွှန်းဈေးတွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး လူတဦးကို ဆီငါးဆယ်ကျပ်သားနှုန်း တန်းစီစနစ်နဲ့ ရောင်းချပေးခဲ့တာပါ။
ဒါပေမယ့် ဒီရက်ပိုင်းမှာတော့ အိမ်ထောင်စုဇယား တခုကို ဆီတပိဿာ ဝယ်ယူနိုင်တဲ့ ဆီဝယ်ယူခွင့်ကတ်တွေကို သက်ဆိုင်ရာ ရပ်ကွက်ရုံးက ထုတ်ပေးနေပြီး တပတ်မှာ နှစ်ကြိမ်သာ သတ်မှတ်ချိန်တွေမှာ ဝယ်ယူနိုင်တော့မယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။
” ဆီက အရင်ကဆိုရင်လေ ဘယ်သူတန်းစီစီ ရောင်းပေးတယ် ။ လူတယောက်ကို သုံးလေးကြိမ် တန်းစီလည်း ရောင်းပေးတယ်။ အခုကတော့ ကတ်ထုတ်ပေးတယ်။ ဆီတပိဿာ ဝယ်လို့ရမယ် ” လို့ အထက်ပါ အိမ်ရှင်မက ပြောပါတယ်။
ဒါပေမယ့် မန္တလေးနဲ့ နေပြည်တော်အပါအဝင် တခြားမြို့နယ်တွေမှာ ရောင်းချတဲ့ပုံစံ လတ်တလောအထိ မပြောင်းလဲသေးဘူးလို့လည်း အဲဒီဒေသခံတွေထံက သိရပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံ စားသုံးသူရေးရာဦးစီးဌာနက အပတ်စဉ် စားသုံးဆီ ရည်ညွှန်းဈေးကို ၄,၁၆၀ ကျပ်ကနေ တပိဿာကို ၄,၅၂၄ ကျပ်အထိ မကြာသေးခင်က တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
လက်ကားရည်ညွှန်းဈေးပေါ်မှာ အထွေထွေကုန်ကျစရိတ်ကိုပါ ထည့်ပေါင်းပြီး အမြတ်ငွေ နှစ်ရာခိုင်နှုန်းထက် ပိုမယူဖို့နဲ့ အဆင့်ဆင့် ရောင်းချရင်တောင် အမြတ်ငွေ ဆယ်ရာခိုင်နှုန်းထက် ပိုမယူဘဲ ရောင်းချဖို့ကို ဒီလ ၄ ရက်က မြန်မာနိုင်ငံဆီကုန်သည်အသင်းက ထုတ်ပြန်ထားပါတယ်။
ဆီကုန်သည်အသင်းက လျှော့ဈေးနဲ့ ရောင်းချပေးနေတဲ့ စားသုံးဆီ အရေအတွက်ဟာ လုံလောက်မှု မရှိတဲ့အတွက် ပြင်ပမှာတော့ စားသုံးဆီဈေးနှုန်း သိသိသာသာ လျော့ကျသွားတာ မရှိဘူးလို့ စားသုံးဆီ လက်လီရောင်းဝယ်နေသူတွေဆီက သိရပါတယ်။
“ ညီမတို့ကျတော့ အိမ်ဆိုင်လေ။ ဆီကငါးဆယ်သားပဲ ရောင်းပေးတာကျတော့ မရှိတဲ့သူတွေက ရပ်ကွက်ထဲက ဆင်းရဲသားများတော့ ငါးကျပ်သား၊ တဆယ်သား ဝယ်တဲ့သူတွေ ရှိတယ်။ ညီမတို့က တဆင့်ပြန်ဝယ်တော့ ဈေးမြင့်တာပေါ့။ လောလောဆယ်ရောင်းပေးနေတာက တပိဿာ ရှစ်ထောင်နဲ့ ရောင်းပေးတာပေါ့။ တဆယ်သားရှစ်ရာလေ “ လို့ ဒေါပုံမြို့က ဆီလက်လီရောင်းဝယ်နေသူ အမျိုးသမီးတဦးက ပြောပါတယ်။
ရန်ကုန်မြို့မှာ ဆီကုန်သည်အသင်းရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းပေးနေတဲ့ ဆီဆိုင် ၂၈၀ ကျော်ရှိပြီး တစ်ဆိုင်ကို စားသုံးဆီ ပေပါ အလုံးငါးရာကနေ တထောင်အထိ ခွဲတမ်းချကာ ဆီကုန်သည်အသင်းက သတ်မှတ်ရည်ညွှန်းဈေးနဲ့ ခွဲတမ်းချ ရောင်းပေးနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တမြို့နယ်ကို စားသုံးဆီ ခြောက်ပီပါအထိ တိုးကာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးလျက်ရှိရာ စားသုံးသူတွေ လက်ဝယ်အရောက် တိုက်ရိုက်ရောင်းချနိုင်ဖို့ တာဝန်ရှိသူ အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်သွားဖို့ ဒီလ ၁၁ ရက်က ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပြင်ပဈေးကွက်မှာ ဈေးနှုန်းအမြတ်တင် ရောင်းချနေမှုတွေကိုလည်း အရေးကြီးကုန်ပစ္စည်းဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နိုင်ဖို့ ဆက်လက်ပြောကြားခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ စားသုံးဆီ စျေးနှုန်းမြှင့်ရောင်းခဲ့တဲ့ ကုန်သည်ကြီးတချို့ကို ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်ခဲ့လို့ စျေးနှုန်းတွေ ပြန်လည်ကျဆင်းခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်တခုမှာ ပြောထားပါတယ်။
ဒီလိုစစ်ကောင်စီက ကုန်ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်နိုင်ဖို့ ကုန်သည်တွေကို ဖမ်းဆီးအရေးယူ ဆောင်ရွက်တာတွေ ရှိနေပေမယ့် လက်ရှိစားဆီဈေးကွက်မှာတော့ ရွှေဈေးနှုန်းနည်းတူ စစ်ကောင်စီသတ်မှတ်စျေးနဲ့ ပြင်ပပေါက်စျေး ဈေးနှုန်းနှစ်မျိုး ဖြစ်နေတာပါ။
ဓာတ်ပုံ – Social Media