ကနောင်စစ်ဆင်ရေးမှာ စစ်အရာရှိသုံးဦးအပါအဝင် ခုနှစ်ဆယ်ကျော် သေဆုံးတယ်လို့ MDY-PDF ဆို

စက်တင်ဘာ၊ ၁၂
 
ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချို၊ ပြင်ဦးလွင်နဲ့ မိုးကုတ်မြို့နယ် ထိစပ်နယ်မြေတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အရာရှိ သုံးဦးအပါအဝင် ၇၆ ဦး သေဆုံးခဲ့ပြီး လက်နက် အလက်နှစ်ဆယ်ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ MDY-PDF ပြောခွင့်ရ ရဲဘော် အော်စမွန်က ပြောပါတယ်။
 
“ ကနောင်စစ်ဆင်ရေးမှာဆိုရင် မျက်မြင်တွေ့ရှိချက်အရ အရာရှိ သုံးဦးအပါအဝင် ထိခိုက်ကျဆုံးတာ ၇၆ ဦးရှိတယ်။ ဒီထက်လည်း ပိုနိုင်တယ် ” လို့ အော်စမွန်က ဆိုပါတယ်။
 
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ပူးပေါင်းပြီး အဲဒီဒေသမှာ “ကနောင်စစ်ဆင်ရေး” ကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ခဲ့ပြီး နှစ်လနီးပါး ရှိပြီဖြစ်ပါတယ်။
 
” ဒဏ်ရာရသူတွေ ပိုများတယ် ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းက တိုက်ပွဲတွေဆိုရင် ဒဏ်ရာရသူတွေကို မိုးကုတ်ဆေးရုံကို ပို့ဆောင်တယ်သိရတယ် ” လို့ ရဲဘော် အော်စမွန်က ဆိုပါတယ်။
 
စစ်ဆင်ရေးစတင်တဲ့ ဇူလိုင်လကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖက်မှာလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့သလို ဆယ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သူကဆိုပါတယ်။
 
” ကနောင်စစ်ဆင်ရေး ” အစအနေနဲ့ ဇူလိုင်လ ၁၅ ရက်မှာ မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄)ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပြီး ကာကင်းစခန်းကို စီးနင်းခဲ့တယ်လို့ MDY PDF ထုတ်ပြန်ထားပါတယ်။
 
အဲဒီလို စီးနင်းတိုက်ခိုက်နေချိန် စစ်ကူလာတဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့သလို ကားလည်း ပျက်ဆီးသွားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။
 
ဒါ့အပြင် ဩဂုတ်လအတွင်းမှာတော့ နောင်ချိုမြို့အတွင်း စစ်ကောင်စီရဲ့ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းတစ်ခုက PDF ရှိတဲ့နေရာတွေဖက် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို ဆိုထားပါသေးတယ်။
 
စက်တင်ဘာလ ၈ ရက်မှာ ပြင်ဦးလွင်-မိုးကုတ် လမ်းပိုင်းပေါ်ရှိ တောင်နီကျေးရွာ အနီး တာဝါတိုင်ကုန်းကို သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလ်ို စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေအပြင် လက်နက်နဲ့ ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
မန္တလေး PDF ဟာ ဒီနှစ်အစောပိုင်းတုန်းကလည်း နောင်ချိုတဝိုက်မှာ သပြေညို စစ်ဆင်ရေး ဆိုပြီး နှစ်လကျော်ကြာတဲ့ စစ်ဆင်ရေးတရပ် ဖော်ဆောင်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ကျဆုံးခဲ့ပါသေးတယ်။
 
လတ်တလောမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီရဲ့ တပ်မ (၉၉)၊ တပ်(၁၀၁) လက်အောက်ခံ ခလရ (၂၅၂)၊ ခလရ (၂၅၇) နဲ့ စကခ (၁) လက်အောက်ခံ ခမရ (၅၀၂) တို့နဲ့ စစ်ရေး တင်းမာနေဆဲဖြစ်တယ်လို့ ရဲဘော် အော်စမွန်က ဆိုပါတယ်။
 
“ ကနောင်စစ်ဆင်ရေးက မပြီးသေးဘူး။ တိုက်ပွဲဖြစ်တဲ့အနားကို စကစ အင်အားဖြည့်တင်းတာတွေ လုပ်နေတော့ စစ်ရေးအရ တင်းမာနေဆဲ ဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ် “ လို့ သူကပြောပါတယ်။
 
ဓာတ်ပုံ – MDY PDF