မုံရွာထောင် အစာငတ်ခံဆန္ဒပြမှု နိုင်/ကျဉ်း သုံးဆယ်ကျော် ထပ်မံပူးပေါင်း

စက်တင်ဘာ၊ ၁၂
 
စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ အစားအစာနဲ့ အသုံးအဆောင်တွေကို စစ်ကောင်စီလုံခြုံရေးတွေက သိမ်းယူသွားလို့ အစာငတ်ခံ ဆန္ဒပြလျက်ရှိရာ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ထပ်မံပူးပေါင်းပါဝင်လာပါတယ်။
 
“ ဒုတိယအသုတ် ပူးပေါင်းပါဝင်တဲ့ အထဲမှာလည်း ကိုဝေမိုးနိုင်တို့ ပူးပေါင်းပါဝင်လာတယ်ဆိုတာလည်း အတည်ပြုချက် ရထားတယ် ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။
 
အထူးရှာဖွေရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်၊ ရဲ၊ ထွေအုပ်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက အကျဉ်းသားတွေဆီက အစားအစာတွေနဲ့ စာအုပ်၊ မိသားစုက ပေးထားတဲ့ ဓာတ်ပုံတွေ စတဲ့အသုံးအဆောင်တွေကို ဒီလ ၈ ရက်၊ မနက်ပိုင်းမှာ သိမ်းယူသွားခဲ့တာပါ။
 
ဒါကြောင့် သိမ်းယူသွားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ပြန်လည်ရရှိဖို့နဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရရှိဖို့အတွက် နိုင်ငံရေး အကျဉ်းသား ၁၄ ဦးက အဲဒီနေ့ ညနေပိုင်းမှာ စတင်ပြီး ပထမဆုံးအနေနဲ့ အစာငတ်ခံ ဆန္ဒပြ တောင်းဆိုတာ အခုဆို ငါးရက်ရှိလာပါပြီ။
 
အဲဒီဆန္ဒပြမှုကို မုံရွာထောင်အတွင်းရှိ လူသိများတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုဝေမိုးနိုင်အပါအဝင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၃၆ ဦး ထပ်မံပြီး ပူးပေါင်းပါဝင်ခဲ့လို့ အင်အား ငါးဆယ်အထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
မုံရွာထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ခံတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ သပိတ်ကော်မတီဝင်တွေက “သံဖြတ်လွှ” လို့ အမည်ပေးထားတဲ့ ဓာတ်ပုံကမ်းပိန်း လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်နေကြပါတယ်။
 
လက်ရှိ မုံရွာထောင်မှာ အကျဉ်းသား တထောင်နီးပါးရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား သုံးရာလောက် ရှိနိုင်သလို လူသိများတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဝေမိုးနိုင် နဲ့ ကိုဟန်ဇာတို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
 
အစာငတ်ခံဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ သိမ်းဆည်းထားတဲ့ ပစ္စည်းတွေ ပြန်ပေးဖို့၊ ကန့်သတ်ထားတဲ့ ထောင်ဝင်စာတွေ မူလအတိုင်း ပြန်ဖြေလျှော့ပေးဖို့နဲ့ လက်ရှိ အစာငတ်ခံ ဆန္ဒပြနေတဲ့ သူတွေရဲ့ ကျန်းမာရေးကို ထောင်အာဏာပိုင်တွေက တာဝန်ယူပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
 
ဒါပေမယ့် ထောင်အာဏာပိုင်တွေက အစာငတ်ခံဆန္ဒပြဖို့အတွက် သူတို့ပြောဆိုတာ မဟုတ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှု မပေးနိုင်ဘူးလို့လည်း ငြင်းဆိုထားတဲ့အကြောင်းလည်း မုံရွာထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
 
“ ဆန္ဒပြနေတဲ့ ၁၄ ဦးထဲမှာ သုံးဦးကတော့ ကိုယ်ခံအားနည်းပြီး မူးလဲတဲ့ အနေအထားတော့ ရှိတယ်။ သူတို့သုံးဦးလုံးကိုလည်း ဆေးဝါးကုသခွင့် မပေးထားဘူးလို့ သိရတယ် ” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media