တနင်္သာရီတိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် နှစ်သောင်းခွဲကျော် ဆက်ရှိနေ

စက်တင်ဘာ၊ ၁၁
 
မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ဝန်းကျင် ဆက်ရှိနေသေးတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံကနေ သိရပါတယ်။
 
” စစ်ကြောင်းထိုးတာတွေ၊ အိမ်မီးရှို့ခံရတာတွေ၊ လက်နက်ကြီးနဲ့ အပစ်ခံရတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ နည်းလာလည်း စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးတာပါ ” လို့ ဒေါန-တနင်္သာရီ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တလအတွင်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ သုံးသောင်းဝန်းကျင်သာ ရှိခဲ့ပေမယ့် သြဂုတ်လ တလအတွင်းမှာတော့ စစ်ကြောင်းထိုးတာတွေ ထပ်ရှိလာတာကြောင့် သုံးသောင်းခွဲနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး အဲဒီထဲက နှစ်သောင်းခွဲကျော်က လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးတာပါ။
 
စစ်ရှောင်တွေကတော့ စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ပုလောမြို့နယ်ထဲမှာ တသောင်းဝန်းကျင်နဲ့ အများဆုံး ဆက်ရှိနေပြီး တနင်္သာရီမြို့နယ်ထဲက ၃,၇၀၀ ကျော်နဲ့ သရက်ချောင်းမြို့နယ်ထဲမှာတော့ ဒေသခံ နှစ်ထောင်ကျော် လက်ရှိအချိန်ထိ စစ်ရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
ပုလောမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာတော့ အမြဲတမ်းစစ်ရှောင် ၂,၆၀၀ လောက်သာ ရှိပေမယ့် စစ်ကောင်စီတပ်ရဲ့ ရမ်းကားမှုကြောင့် နေရပ်စွန့်ခွာပြီး တခြားဒေသနဲ့ ဥယျာဉ်ခြံမြေတွေထဲ ပြောင်းရွှေ့နေထိုင်ကြသူတွေ များပြားတယ်လို့ သိရပါတယ်။
 
” တိုက်ပွဲမရှိလည်း ရွာတွေဘက် လက်နက်ကြီးနဲ့ ပစ်တာ၊ ပြီးရင် လမ်းပိတ်ဆို့ထားတာတွေ၊ ဖမ်းတာတွေ ခဏခဏရှိတော့ ရွာမှာမနေတော့တာမျိုးတွေ ရှိတယ် ” လို့ ပုလောဒေသခံတဦးက DNA ကို ပြောပါတယ်။
 
အလားတူပဲ လောင်းလုံးမြို့နယ်ထဲမှာတော့ အမြဲတမ်းစစ်ရှောင်ဦးရေ ငါးထောင်ကျော်အပါအဝင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလှုပ်ရှားမှုတွေကြောင့် နေရပ်ပြောင်းရွှေ့နေထိုင်နေကြတဲ့ ဒေသခံစုစုပေါင်း ခြောက်ထောင့်ငါးရာခန့် ရှိနေသေးတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် သြဂုတ်လ ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ရှောင်တိမ်းနေရတဲ့ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက် ကျေးရွာတွေက ဒေသခံ ရှစ်ထောင်ကျော်ထဲက သုံးထောင်ကျော်ဟာ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။
 
” လောလောဆယ်တော့ အခြေအနေအေးနေတယ်။ ရှောင်နေကြတဲ့လူတွေ တော်တော်များများတော့ ရွာပြန်လာကြပြီ။ လာလို့ အဆင်မပြေသေးလို့ ရှောင်နေကြတာမျိုးတော့ နည်းနည်းပါးပါးရှိသေးတယ် ” လို့ ထားဝယ်အထူးစီးပွားရေးဇုန်အနီး ကျေးရွာက ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်တဝိုက် ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာနှစ်ရွာက နေအိမ် ၁၆ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
အလားတူပဲ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသထဲက ဝကုန်း၊ ရမ္မဇူ၊ သင်္ကန်းတုန်း စတဲ့ ကျေးရွာတွေဘက်ကို သြဂုတ်လ တတိယအပတ်လောက်မှာ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ စစ်ကြောင်းပြန်ထွက်သွားတာကြောင့် နေရပ်ပြန်နေကြသူတွေ ရှိပေမယ့် အရေအတွက်တော့ အတိအကျမသိရပါဘူး။
 
လက်ရှိ တနင်္သာရီတိုင်းအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာ နည်းနေပေမယ့် ဒေသခံတွေကတော့ စစ်ကောင်စီတပ်ရဲ့ ရမ်းကားမှုတွေကို စိုးရိမ်တာကြောင့် အခုချိန်အထိ နေရပ်မပြန်ရဲကြသေးတာလည်း ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ၁ ဒဿမ ၉ သန်းဝန်းကျင်ရှိပြီး အဲဒီထဲက ၁ ဒဿမ ၆ သန်းဝန်းကျင်ဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ကုလအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့
ပုံစာ – တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ တောက်ပျောက်တိုက်နယ်ထဲက ဒေသခံတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက စစ်ဘေးတိမ်ရှောင်နေရစဉ်။