သူ့နိုင်ငံမှာ G20 ညီလာခံ လာတက်ရင် ပူတင် အဖမ်းမခံစေရဘူးလို့ ဘရာဇီး သမ္မတ အာမခံ

စက်တင်ဘာ၊ ၁၁

သူ့နိုင်ငံမှာ ကျင်းပမယ့် G20 ညီလာခံကိုတော့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အဖမ်းခံရမှာတွေ ဘာမှ တွေးပူနေဖို့ မလိုဘဲ အေးအေးဆေးဆေး လာတက်ရောက်နိုင်မယ်လို့ ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ G20 ညီလာခံကို ပူတင်က ကိုယ်တိုင် မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်ကိုသာ အစားထိုး စေလွှတ်ခဲ့ပါတယ်။ ကရင်မလင် နန်းတော်က ပူတင်ဟာ တခြားကိစ္စတွေနဲ့ တိုက်ဆိုင်နေတာကြောင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတွေ တွေ့ဆုံမှုကို လက်လွတ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် အဖမ်းခံရနိုင်ခြေကို ရှောင်ဖို့ G20 ညီလာခံကို ရှောင်လွှဲခဲ့တာ ဖြစ်နိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ယူကရိန်းစစ်ပွဲမှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြောင်းပြုပြီး မတ်လ ၁၇ ရက်မှာ ICCက ရုရှားသမ္မတကို ဝရမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဝရမ်းအရ ICC အဖွဲ့ဝင် နိုင်ငံတွေကို ပူတင် သွားရောက်ချိန်မှာ သက်ဆိုင်ရာ နိုင်ငံရဲ့ အာဏာပိုင်တွေက ဖမ်းဆီးပေးပိုင်ခွင့် ရှိပါတယ်။

လက်တွေ့မှာတော့ သံတမန်ရေးရာ အရှုပ်အထွေးတွေကြောင့် ပူတင်ကို အဲဒီလို တာဝန်ယူ ဖမ်းဆီးပေးတာမျိုးကို သက်ဆိုင်ရာ နိုင်ငံ အစိုးရတွေက လက်ရှောင်ကြလေ့ ရှိပါတယ်။ တဖက်မှာလည်း ပူတင်ဟာ လုံခြုံရေး ရှုထောင့်ကကြည့်ပြီး ခရီးစဉ်တွေကို ပယ်ဖျက်တာမျိုး ဆုံးဖြတ်ခဲ့ဟန် ရှိပါတယ်။

ဒါပေမဲ့ ဘရာဇီး သမ္မတကတော့ သူ့နိုင်ငံက G20 ညီလာခံကို အိမ်ရှင်အဖြစ် တာဝန်ယူတဲ့အခါ ပူတင်အတွက် အလွယ်တကူ အဆင်ပြေပြေ ဖြစ်နေလိမ့်မယ်လို့ ပြောပါတယ်။ သူသာ ဘရာဇီး သမ္မတ အနေနဲ့ ရှိနေသေးတယ်ဆိုရင် ပူတင် ဘရာဇီးကို လာတဲ့အခါ လုံးဝ အဖမ်းမခံရဘူးဆိုတာ အာမခံနိုင်ကြောင်း လူလာက ဆိုပါတယ်။ ၂၀၂၄ ခုနှစ် G20 ညီလာခံကို ဘရာဇီးနိုင်ငံရဲ့ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

လူလာက သူဟာ အဲဒီ G20 ညီလာခံ မတိုင်ခင် ရက်ပိုင်းအလိုမှာ ရုရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် BRICS ညီလာခံကိုလည်း တက်ရောက်မယ်လို့ အတည်ပြုထားပါတယ်။ G20 ညီလာခံတွေ တက်ရောက်တဲ့ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုနဲ့ တရားဝင် ရပ်တည်မှုတွေကို လေးစား လိုက်နာရမယ်ဆိုတဲ့ အခြေခံမူကို ဘရာဇီးက လေးလေးနက်နက် လက်ကိုင်ပြုမယ်လို့လည်း လူလာက ဆိုပါတယ်။

အခုနှစ်၊ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ G20 ညီလာခံမှာ ရုရှား-ယူကရိန်း စစ်ပွဲဟာ အဓိက ဆွေးနွေးမှုခေါင်းစဉ် ဖြစ်ခဲ့ပေမယ့်လည်း ရုရှားရဲ့ ကျူးကျော်စစ်ပွဲကို အတိအလင်း ရှုတ်ချတဲ့ ကြေညာချက်မျိုး မထုတ်ပြန်နိုင်ခဲ့တဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

 

Ref: Reuters