ဘောလုံးမယ် တဦးကို အလိုမတူဘဲ နမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုကြောင့် စပိန် ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ နုတ်ထွက်ရ

စက်တင်ဘာ၊ ၁၁

ကမ္ဘာ့ဖလား အောင်မြင်မှုအတွက် အောင်ပွဲခံရင်း ဘောလုံးမယ် တဦးကို အလိုမတူဘဲ နမ်းရှုပ်မိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စပိန်ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌဟာ ရာထူးက နုတ်ထွက်သွားခဲ့ရပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် စပိန် လက်ရွေးစင် တိုက်စစ်မှူး ဂျန်နီ ဟာမိုဆိုက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်အပြီး အောင်ပွဲ ခံနေချိန်မှာ သူ့နှုတ်ခမ်းကို ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ် ရူဘီရာလက်စ်က အလိုမတူဘဲ ရုတ်တရက် နမ်းရှုပ်ပြီး အသားယူသွားခဲ့ကြောင်း လူသိရှင်ကြား ထုတ်ဖော် စွပ်စွဲခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဟာမိုဆိုက ရူဘီရာလက်စ်ကို ဥပဒေကြောင်းအရ အမှုဖွင့် တိုင်တန်းခဲ့ပြီး ဖြစ်ပါတယ်။ ဥက္ကဋ္ဌကတော့ လူအများ ရှေ့မှောက်မှာ ဟာမိုဆိုကို နမ်းရှုပ်ခဲ့တာက အမျိုးသမီးကိုယ်တိုင် အလိုပါ ဖိတ်ခေါ်ခဲ့တာကြောင့်လို့ ပြောကြားခဲ့ပြီး ရာထူးက နုတ်ထွက်ဖို့လည်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ပြည်တွင်းပြည်ပ ဖိအားပေး ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ရူဘီရာလက်စ်ဟာ နုတ်ထွက်စာ တင်သွားခဲ့ရပါတယ်။ သူ့နေရာမှာ ယာယီ အစားထိုးခဲ့တဲ့ ပက်ဒရို ရိုချာက ရူဘီရာလက်စ် နုတ်ထွက်မှု သတင်းကို အတည်ပြု ကြေညာခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် ရူဘီရာလက်စ်ဟာ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ အမှုဆောင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်ကနေလည်း နုတ်ထွက်ခဲ့ရပြီး ဖြစ်ပါတယ်။

ရူဘီရာလက်စ်ဟာ ရာထူးက နုတ်ထွက်ပေးဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပြီး ပူပူနွေးနွေး ကမ္ဘာ့ချန်ပီယံ စပိန်လက်ရွေးစင် အမျိုးသမီး အသင်းကလည်း သူဥက္ကဋ္ဌအဖြစ် တာဝန်ယူနေရင် လက်ရွေးစင် အသင်းကို ကိုယ်စားမပြုတော့ဘူး ဆိုတာမျိုး တင်းတင်းမာမာ ရပ်တည်ပြလာခဲ့ပါတယ်။

ရူဘီရာလက်စ်က ရာထူးကနေ နုတ်ထွက်ပေးလိုက်တဲ့နောက် ၂၀၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားကို မော်ရိုကို၊ ပေါ်တူဂီတို့နဲ့ ပူးတွဲပြီး စပိန်က ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားမှုတွေ ပိုမို အခြေအနေ ကောင်းစေဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ 

သူက အပြစ်ရှိတယ်လို့တော့ လုံးဝ ဝန်မခံသလို တချိန်ချိန်မှာ အမှန်တရား ပေါ်ပေါက်လာမယ်လို့ ယုံကြည်ထားဆဲဖြစ်ကြောင်း ဆိုပါတယ်။ ကြုံခဲ့သမျှ ဖြစ်ရပ်တွေကြောင့် သူ့မိသားစု၊ သူ့သမီးတွေပါ လွန်လွန်ကဲကဲ ဝေဖန် ထိုးနှက်မှု ဒဏ်တွေ၊ မှားယွင်းတဲ့ စွပ်စွဲမှုတွေကို ခံစားခဲ့ရကြောင်း၊ ဒါပေမဲ့ လမ်းပေါ်မှာတော့ အဲဒီလို အပြောအဆိုတွေက အမှန်တရားအဖြစ် ပျံ့နှံ့နေကြောင်း၊ တကယ့်အမှန်တရားကတော့ ခိုင်မာတည်တံ့နေမယ်လို့ သူယုံကြည်ကြောင်း ရူဘီရာလက်စ်က မှတ်ချက် ပေးသွားပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ ဆွတ်ခူးနိုင်အောင် ဦးဆောင်မှု ပေးနိုင်ခဲ့တဲ့တိုင် ရူဘီရာလက်စ်ရဲ့ အနီးကပ် မဟာမိတ်လို့ သတ်မှတ်ခံရသူ စပိန် အမျိုးသမီးအသင်း နည်းပြ ဂျော့ဂျ်ဗယ်လ်ဒါကလည်း စက်တင်ဘာ ၅ ရက်မှာ ရာထူးက ထုတ်ပယ် ခံခဲ့ရပါတယ်။ အဲဒီနောက် စပိန် ဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသမီး နည်းပြတဦးဖြစ်တဲ့ မွန်ဆီ တိုမီကို အစားထိုး ခန့်အပ်ခဲ့တယ်လို့လည်း သိရပါတယ်။

 

Ref: BBC