ကလေးမှာ ဆိုင်ကယ်နှစ်ယောက်စီးတဲ့အတွက် ပျူစောထီးတွေပစ်လို့ တဦးသေဆုံး

စက်တင်ဘာ၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်မှာ စက်တင်ဘာလ ၉ ရက်၊ မနေ့က နေ့လယ်ပိုင်းက ဆိုင်ကယ်တစီးကို နှစ်ယောက်စီးတဲ့အတွက် ပျူစောထီးတွေက ပစ်ခတ်လို့ အရပ်သားလူငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” အမှတ် (၁၁) ကျောင်းနားမှာ ပစ်ခံရတာ။ လူငယ်နှစ်ယောက် ဆိုင်ကယ်စီးလာတာကို နောက်ကနေ ပျူစောထီးနှစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်ပစ်တာပါ။ နောက်ကစီးလာတဲ့ ကောင်လေးမှန်သွားတာ။ အရှေ့က စီးတဲ့သူကတော့ လွတ်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ အရပ်သားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ ပျူစောထီးတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသူဟာ ကလေးမြို့ပေါ်၊ အောင်မြေမာန်ရပ်ကွက်က အသက်နှစ်ဆယ်ကျော် လူငယ်တဦး ဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီက ကလေးမြို့မှာ ယောကျ်ားလေးနှစ်ယောက် ဆိုင်ကယ်တစီးထဲ မစီးဖို့ အမိန့်ထုတ်ထားတာဖြစ်ပြီး ဆိုင်ကယ်နှစ်ယောက်စီးတဲ့သူတွေကို လိုက်လံပစ်ခတ်တာကတော့ အခုအကြိမ်ဟာ ပထမဦးဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်၊ ညပိုင်းမှာလည်း ကလေးမြို့၊ ပင်လုံရပ်ကွက် သူနာပြုသင်တန်းကျောင်းရှေ့မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်တစီးထဲ စီးလာတာကို သူနာပြုသင်တန်းကျောင်းထဲက စစ်ကောင်စီအဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် တဦးသေဆုံးခဲ့သေးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
 
ကလေးမြို့ပေါ်မှာ ဆိုင််ကယ်နှစ်ယောက်စီးလို့ ပစ်ခတ်ခံရတာကြောင့် တပတ်အတွင်း အရပ်သားနှစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကို ဆိုင်ကယ်တွေ အသုံးပြုပြီး တိုက်ခိုက်တာတွေ ရှိတဲ့အတွက် ရန်ကုန်၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ ဆိုင်ကယ်တစီးကို အမျိုးသားနှစ်ယောက်မစီးဖို့ တားမြစ်ထားတာပါ။
 
အဲဒီလို တားမြစ်တာကို ချိုးဖောက်တယ်ဆိုပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တချို့ အပါအဝင် ဒေသတချို့မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေက ပစ်ခတ်လို့ သေဆုံးခဲ့တာတွေလည်း ရှိပါတယ်။
 
ဓာတ်ပုံ – CJ (ပုံဟောင်း)