မြန်မာ့အရေး အာရုံစိုက်ဆွေးနွေးပေးဖို့ G 20 နိုင်ငံတွေထံ အဖွဲ့လေးဆယ်ကျော် တောင်းဆို

စက်တင်ဘာ ၊ ၁၀

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို အာရုံစိုက်ပေးဖို့နဲ့ ဖြေရှင်းနိုင်ရေး ပူးပေါင်းကြိုးပမ်းပေးကြဖို့ စက်မှုထိပ်သီးနိုင်ငံတွေပူးပေါင်းထားတဲ့ G 20 အဖွဲ့ဝင်နိုင်ငံတွေထံ မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့ လေးဆယ်ကျော်က စက်တင်ဘာလ ၉ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ G 20 ထိပ်သီးအစည်းအဝေးကျင်းပနေတဲ့ အချိန်မှာပဲ အဖွဲ့ဝင်နိုင်ငံတွေထံ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံအမတ်များအဖွဲ့ (APHR)၊ India For Myanmar၊ Milk Tea Alliance နဲ့ Burma Campaign UK တို့အပါအဝင် ၄၄ ဖွဲ့က  အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့တာပါ။

“G 20 ခေါင်းဆောင်တွေ စုကြ ဆုံကြတဲ့အခါမှာ ဒီလို ဒီမိုကရေစီကို ချိုးဖောက်နေတဲ့၊ အန္တရာယ်ပြုနေတဲ့ အာဏာရှင်တွေအရေးကို ဆွေးနွေးတာမျိုး မရှိဘူးပေါ့နော်။ ဒါကြောင့်မို့ ကျွန်မတို့က ဒီစဉ်းစားချက်ကိုလည်း ပါလာစေချင်တယ်” လို့ India For Myanmar ရဲ့ ပူးတွဲတည်ထောင်သူ မသဉ္ဇာရွှန်းလဲ့ရည်က DNA ကို ပြောပါတယ်။

မြန်မာပြည်သူ သန်း ငါးဆယ်ကျော်ရဲ့ ဒုက္ခဆင်းရဲမှုတွေနဲ့ ဒေသအတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ မြန်မာပြည်အရေးဟာ ပြည်တွင်းရေးကိစ္စသက်သက်မဟုတ်ဘဲ နိုင်ငံနယ်နမိတ်ပြင်ပအထိ ကျယ်ပြန့်မှုရှိနေတယ်ဆိုတာကို အသိမှတ်ပြုပေးဖို့ G 20 နိုင်ငံတွေထံ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ထံ လက်နက်၊ လောင်စာဆီ၊ နည်းပညာတွေ ရောင်းချနေတာ၊ သံတမန်ရေးရာ တရားဝင်မှုပေးပြီး ဆက်ဆံနေတာတွေလုပ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်။

အလားတူပဲ G 20 နိုင်ငံတွေအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဖြတ်တောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အဖွဲ့လေးဆယ်ကျော်က တိုက်တွန်းထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ယူကေဝန်ကြီးချုပ် ရီရှီဆူးနက်ခ် စတဲ့ ကမ္ဘာ့ထိပ်သီးခေါင်ဆောင်တွေ တက်ရောက်နေကြတဲ့ G 20 အစည်းအဝေးကို စက်တင်ဘာလ ၉ ရက်မှာ စတင်ပြီး ဒီကနေ့ မှာ အဆုံးသတ်ဖို့ရှိပေမယ့် မြန်မာ့အရေး တစုံတရာ ထုတ်ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

“G 20 Statement(ထုတ်ပြန်ချက်)တွေ ထုတ်လာတဲ့အခါမှာ မြန်မာပြည်အရေး တစိုးတစဉ်မှ ထည့်ပြောထားတာမရှိဘူး။ ပြဿနာကို မျက်ကွယ်ပြုတဲ့ အနေအထားကိုတော့ မြင်နေရတယ်ပေါ့နော်။ အကယ်၍ သူတို့သာ မြန်မာပြည်အရေးကို ပြောလာဆိုလာတယ်။တင်လာတယ်ဆိုတာနဲ့ သေချာတာက ကျွန်မတို့ပြည်သူတွေ အော်နေ ပြောနေတာနဲ့စာရင် အများကြီး သက်ရောက်မှုရှိပါတယ်” လို့ မသဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း G 20 နိုင်ငံတွေအနေနဲ့ မြန်မာ့အရေး လျစ်လျူမရှု့ထားဖို့ စက်တင်ဘာလ ၆ ရက်က ထုတ်ပြန်တောင်းဆိုထားပါတယ်။