မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြ

စက်တင်ဘာ ၊ ၉

စစ်ကိုင်းတိုင်း မုံရွာအကျဉ်းထောင်ထဲက အကျဉ်းသားတွေရဲ့ အစားအစာနဲ့ အသုံးအဆောင်တွေကို စစ်တပ်က သိမ်းယူသွားတာကြောင့် နိုင်ငံရေးအကျဉ်းသား  ၁၄ဦး အစာငတ်ခံဆန္ဒပြနေကြတယ်လို့ မုံရွာလူထုသပိတ် တိုက် ပွဲဦးဆောင်ကော်မတီဝင်ကိုရှင်းသန့်ကပြောပါတယ်။

အထူးရှာဖွေရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်၊ရဲ၊ထွေအုပ်နဲ့မီးသတ်တပ်ဖွဲ့ဝင်တွေက အ ကျဉ်းသားတွေဆီက အစားအစာတွေနဲ့ စာအုပ်၊မိသားစုကပေးထားတဲ့ဓာတ်ပုံတွေ စတဲ့ အသုံးအဆောင်တွေကို မနေ့ကမနက်ပိုင်းမှာသိမ်းယူသွားတာလို့ သိရပါတယ်။

“အကျဉ်းသားတဦးကို စောင်နှစ်ထည်နဲ့ အင်္ကျီသုံးထည်စီလောက်ပဲ ပေးထားခဲ့တယ်၊နိုင်ကျဉ်းတွေက ပြန်ပေးဖို့ တောင်းဆိုတယ်၊အကျဉ်းဦးစီးက သူတို့လုပ်တာမဟုတ်ဘူး၊မပေးနိုင်ဘူးလို့အကြောင်းပြန်တယ်” လို့ ကိုရှင်းသန့်ကပြောပါတယ်။

ကိုဝင်းကျော်ခေါင်၊ ကိုဘုန်းမြင့်အောင်စတဲ့ လူငယ်နိုင်ကျဉ်းတွေက ဦးဆောင်ပြီး အစာငတ်ခံဆန္ဒပြနေကြသလို တချို့ အကျဉ်းသားတွေကလည်း ထောင်ကပေးတဲ့ ထမင်းနဲ့ ဟင်းတွေကို မစားဘဲ ဆန္ဒပြမှုမှာ ပူးပေါင်းပါဝင် နေ ကြတယ်လို့ဆိုပါတယ်။

လက်ရှိမှာ အစာငတ်ခံဆန္ဒပြနေတဲ့အကျဉ်းသား ၁၄ဦးကို သီးခြားခွဲထုတ်ပြီး  အကျဉ်းထောင်ဝန်ထမ်းတွေ က စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက လည်းပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဇန်နဝါရီလတုန်းကလည်း ထောင်ဆူတဲ့ကိစ္စနဲ့ ပက်သက်ပြီး အခုလိုအထူးရှာဖွေရေး ဝင် ရောက်ခဲ့ဖူးပေမယ့် ဒီတခေါက်ကတော့ ဘာကြောင့်အခုလိုလုပ်တယ်ဆိုတာ မသိရသေးဘူးလို့ မုံရွာလူထု သ ပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေဟာ သိမ်းဆည်းခံလိုက်ရတဲ့ သူတို့ပစ္စည်းတွေကို ပြန်လည်ရရှိဖို့ ဆန္ဒပြတောင်းဆိုနေ တာဖြစ်သလို တခြားတောင်းဆိုချက်တွေလည်း ရှိနိုင်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများ ကွန်ရက်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

“သူတို့မုံရွာထောင်ကို တခုခုလုပ်ချင်လို့ အကြောင်းပြချက်ရှာပြီး လုပ်တယ်လို့ ထင်တယ်၊အကျဉ်းသားတွေကို ထောင်ကခွင့်ပြုပေးတဲ့ပစ္စည်းတွေကို သိမ်းသွားတယ်၊ဒါတွေကို ပြန်ရဖို့တောင်းဆိုတဲ့အချက်ပါ တာတော့သေချာ တယ်” လို့ သူကဆိုပါတယ်။

အကျဉ်းထောင်တွေမှာ စစ်ဆေးရေးကို တလတခါပုံမှန် လုပ်လေ့ရှိပေမယ့် အကျဉ်းဦးစီးဝန်ထမ်းတွေကသာ လုပ်တာဖြစ်ပြီး အခုလိုမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေက ဝင်ရောက်စစ်ဆေးတာမျိုးပုံမှန်အားဖြင့် လုပ် လေ့မရှိဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကပြောပါတယ်။

“အစာငတ်ခံ ဆန္ဒပြတယ်ဆိုတာ အမြင့်ဆုံးတိုက်ပွဲဖြစ်တဲ့အတွက် သူတို့ရဲ့ အသက်အန္တရာယ်ကိုတော့ စိုးရိမ်မိ တယ်” လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

လက်ရှိမုံရွာထောင်မှာ အကျဉ်းသား တထောင်နီးပါးရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ လောက်ရှိနိုင် သလို ကိုဝေမိုးနိုင် နဲ့ ကိုဟန်ဇာတို့ကိုလည်း ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။