ယူကရိန်းအတွက် Leopard 1 တင့်ကားတွေ ပထမအသုတ် စတင်ပေးပို့

စက်တင်ဘာ ၊ ၉

ယူကရိန်းအတွက် အနောက်ဥရောပ မဟာမိတ် နိုင်ငံတွေက ထောက်ပံ့ ပေးပို့တဲ့ Leopard 1 တင့်ကားတွေ ပထမအသုတ် စတင် လက်ခံရရှိခဲ့ကြောင်း သိရပါတယ်။

ဒိန်းမတ်၊ ဂျာမနီနဲ့ နယ်သာလန်တို့က ပို့ဆောင်လိုက်တဲ့ Leopard 1 ၁၀ စီးက ကိယက်ဗ်ကို အခုသီတင်းပတ်မှာ စတင် ရောက်ရှိလာပြီး နောက်ထပ် ၁၀ စီးကိုလည်း စက်ရုံတွေမှာ ခေတ်နဲ့အမီ မွမ်းမံပြင်ဆင်မှုတွေ လုပ်ဆောင်ပြီး အမြန်ဆုံး ပေးပို့ဖို့ စီစဉ်နေပါတယ်။

ယူကရိန်းဟာ ဂျာမနီလုပ် တင့်ကားတွေရဲ့ ပိုမို အဆင့်မြင့်တဲ့ မျိုးဆက်ဖြစ်သလို ကမ္ဘာ့အကောင်းဆုံး စာရင်းဝင် တင့်ကားတွေအဖြစ် သတ်မှတ်ခံရတဲ့ Leopard 2တွေကို လက်ခံရရှိပြီး စစ်မြေပြင်မှာ လက်တွေ့ အသုံးပြုနေပါပြီ။ ဒါပေမဲ့ ယူကရိန်းရဲ့ မျိုးဆက်ဟောင်းလို့ ဆိုရမယ့် Leopard 1တွေကတောင် ယူကရိန်း လက်ရှိ ပိုင်ဆိုင်ထားတဲ့ ဆိုဗီယက်လုပ် တင့်ကားတွေနဲ့ ရုရှားရဲ့ တင့်ကား တော်တော်များများထက် ပိုမို သာလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေတာကြောင့် အနောက်ဥရောပ နိုင်ငံတွေ ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ တင့်ကားအဟောင်းတွေကို ပြန်လည် မွမ်းမံ အဆင့်မြှင့်ပြီး အခုလို ပို့ဆောင်လာခဲ့တာပါ။

ဖေဖော်ဝါရီလတုန်းက အဲဒီ ဥရောပ ၃ နိုင်ငံက သူတို့ရဲ့ Leopard 1 တင့်ကား အနည်းဆုံး အစီး ၁၀၀ ကို ယူကရိန်းအတွက် ထောက်ပံ့ပေးအပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ယူကရိန်း တင့်ကားတပ်ဖွဲ့ဝင်တွေက Leopard 1တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ် မောင်းနှင်နိုင်အောင် ဒိန်းမတ် စစ်တပ်က တာဝန်ယူ လေ့ကျင့်ပေးနေပါတယ်။

ဒိန်းမတ်ဟာ Leopard 1တင့်ကားတွေရဲ့ A5 မျိုးကွဲတွေကို ၂၀၀၅ ခုနှစ်ထိ အသုံးပြုခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ ဂျာမနီဆီကနေ Lepoard 2A4 အမျိုးအစား မျိုးဆက်သစ် တင့်ကားတွေနဲ့ တသုတ်ချင်းစီ အစားထိုးခဲ့ပါတယ်။