စက်တင်ဘာ၊ ၈
စစ်ကောင်စီက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေတဲ့ အရှေ့တောင်အာရှနိုင်ငံများရဲ့ သတ္တမအကြိမ်မြောက် လေတပ်ဦးစီးချုပ်များ ညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက တက်ရောက်ဖို့ ငြင်းဆိုထားပါတယ်။
“ အရေးယူခံခြင်း လုံးဝမရှိဘဲ ရက်စက်ယုတ်မာမှုတွေ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေအနေနဲ့ ဒေသတွင်း ညီလာခံတခုရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဖို့ လုံးဝမဖြစ်သင့်ပါဘူး ” လို့ Justice For Myanmar (JFM)ရဲ့ ပြောခွင့်ရသူ မရတနာမောင်က ဆိုပါတယ်။
နေပြည်တော်မှာ ဒီလ ၁၂ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမယ့် အဲဒီညီလာခံကို ထိုင်းနိုင်ငံကသာ တက်ရောက်ရန် အတည်ပြုထားပြီး စင်ကာပူ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်တို့က တက်မယ်၊ မတက်ဘူး မေးခွန်းကို ပြန်လည် ဖြေကြားတာမရှိသေးဘူးလို့ AFP သတင်းကို ကိုးကားပြီးတော့ JFM ကဆိုထားပါတယ်။
ဒါ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများရဲ့ ကန့်ကွက်တောင်းဆိုမှုတွေကို ထောက်ရှု့ပြီး အာဆီယံလေတပ် အကြီးအကဲတွေရဲ့ ညီလာခံကို မတက်ရောက်ဖို့ ငြင်းဆိုတဲ့ နိုင်ငံတွေနည်းတူ တခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေကိုလည်း ဆောင်ရွက်ကြဖို့ အဲဒီအဖွဲ့က တောင်းဆိုထားပါသေးတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တရားမဝင် စစ်အုပ်စုကို အာဆီယံကာကွယ်ဆိုင်ရာ လုပ်ဆောင်ချက်များအားလုံးမှ ကန့်သတ်ပိတ်ပင်ဖို့၊ မလိုက်နာပါက စစ်အုပ်စုပါဝင်တဲ့ လုပ်ဆောင်ချက်တွေကို တက်ရောက်ခြင်း မပြုကြဖို့နဲ့ ငြင်းဆန်ကြဖို့ JFM က တောင်းဆိုထားပါသေးတယ်။
“ အာဆီယံအနေနဲ့ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ သူရဲ့ ကိုယ်ပိုင် ကတိကဝတ်တွေကို လုံးဝ ဂရုမစိုက်ဘဲ ကိုယ်တိုင်ချိုးဖောက်ပြီး မြန်မာစစ်အုပ်စုအပေါ် တရားဝင်မှုနဲ့ ကူညီပံ့ပိုးမှုတွေ ပေးအပ်နေတာကို ရပ်တန့်ရပါမယ် ” လို့ မရတနာမောင်က ဆိုပါတယ်။
နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ လေတပ်ဦးစီးချုပ်များ ညီလာခံ (AACC)ကို အမေရိကန်နဲ့ ဗြိတိန်တို့က ပိတ်ဆို့အရေးယူထားတဲ့ စစ်ကောင်စီ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ထွန်းအောင်က အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ လက်ရှိ ရာထူးကို လက်ခံ ရရှိခဲ့ချိန်ကတည်းက နိုင်ငံအနှံ့ စစ်ဘက်၊ အရပ်ဖက် မခွဲခြားဘဲ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ရာဇဝတ်ကောင် တဦးအဖြစ် သတ်မှတ်နိုင်ကြောင်း Justice for Myanmar က ဆိုပါတယ်။
ဗိုလ်ချုပ်ကြီး ထွန်းအောင် တိုက်ရိုက် ဆက်နွှယ်ပတ်သက်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအကြောင်း သက်သေအထောက်အထားတွေက အင်မတန် ခိုင်ခိုင်မာမာ ရှိနှင့်နေပြီးသားလို့ Justice for Myanmar က ထောက်ပြထားပါတယ်။
သူတာဝန်ခဲ့တဲ့တဲ့ ကာလတွေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း လေတပ်ဟာ နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှု ၉၃၀ လောက်ကို ဆင်နွှဲခဲ့ပြီး လူ ၁၀၀၀ ဝန်းကျင်လောက် သေဆုံးစေခဲ့ပါတယ်။
အလာတူးပဲ စက်တင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်အထိ စစ်ကောင်စီက သဘာပတိအဖြစ် ပူးတွဲတာဝန်ယူမယ့် ရုရှားနိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ အာဆီယံအကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး မြေပြင်လက်တွေ့ လေ့ကျင်ခန်းကို အာဆီယံနိုင်ငံတွေ ငြင်းဆန်ကြဖို့ JFM ကတောင်းဆိုထားပါသေးတယ်။
အာဆီယံနိုင်ငံတွေက မြန်မာ့အရေးနဲ့ ပက်သက်ပြီး အာဏသိမ်းမှု စတင်ကတည်းက ချမှတ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လည်လွတ်ပေးရေး အပါအဝင် ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံအစည်းအဝေးတွေမှာ ဖိအားပေး ပြောဆိုတာတွေ လုပ်ခဲ့ပါသေးတယ်။
အဲဒီအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက အလှည့်ကျအာဆီယံဥက္ကဋ္ဌ ရာထူးကို ပေးဖို့ ငြင်းဆန်ခဲ့ကြသလို မြန်မာအရေးကို အာဆီယံဥက္ကဋ္ဌ သုံးနိုင်ငံပူးပေါင်းပြီး ကိုင်တွယ်ဖို့ သဘောတူညီခဲ့ကြပါသေးတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ကတော့ မြန်မာ့အရေးနဲ့ ပက်သက်ပြီး အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို လက်ခံကြိုဆိုပေမယ့် ဘုံသဘောတူညီချက် ငါးရပ်ကို လုပ်ကိုင်ဖို့ ပျက်ကွက်နေတဲ့ စစ်ကောင်စီကို အရေးယူမှုတွေပါတဲ့ ဆုံးဖြတ်ချက်တွေ ချပေးဖို့ တောင်းဆိုထားပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ