စက်တင်ဘာ၊ ၈
ထိုင်းနိုင်ငံကို MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၁ ရက်ကစပြီး မြဝတီနဲ့ ကောသောင်းမြို့တွေမှာ တရက်ကို လူ တထောင် နှုန်းနဲ့ နေ့ချင်းပြီး ဆောင်ရွက်ပေးမယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး (ဘန်ကောက်)က ထုတ်ပြန်ပါတယ်။
MoU စနစ်နဲ့ လာရောက်ပြီး PJ (Job Passport) ပတ်စ်ပို့အမျိုးအစား ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေအနေနဲ့ MoU သက်တမ်းကုန်ဆုံးသွားပေမယ့် ပတ်စ်ပို့သက်တမ်း ၂ နှစ်နဲ့အထက် ကျန်ရှိနေတဲ့သူတွေသာ ဒီလုပ်ငန်းစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
” ဒီလိုလုပ်ပေးတာ တကယ်တော့ ကောင်းတယ်လို့ ပြောလို့တယ်။ ကျွန်မလည်း သက်တမ်းတိုးဖို့ ရှိပေမယ့် ကိုယ့်ရှေ့ကလူတွေ အဆင်ပြေလားဆိုတာကို ကြည့်ပြီးမှ သွားလုပ်ဖို့ စဉ်းစားထားပါတယ် ” လို့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ မချိုမာက DNA ကိုပြောပါတယ်။
အဲဒီလို ဆောင်ရွက်ပေးရာမှာ မြဝတီမြို့မှာ လူ ၇၀၀ နဲ့ ကော့သောင်းမြို့မှာ လူ ၃၀၀ ခွဲတမ်းကျ တရက်အတွင်း ပြီးစီးအောင်လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အရင်က MoU သမားတွေ သက်တမ်းတိုးမယ်ဆိုရင် ရန်ကုန်ကို မဖြစ်မနေ ပြန်ဖို့လိုအပ်ပြီး သက်ဆိုင်ရာ အေဂျင်စီကနေတဆင့် လိုအပ်တဲ့ လုပ်ငန်းစဉ်အဆင်ဆင့်ကို လုပ်ဆောင်ရတာကြောင့် နှစ်လဝန်းကျင် ကြာမြင့်လေ့ရှိပါတယ်။
ဒါ့ကြောင့် မြန်မာလုပ်သားတွေဟာ သက်တမ်းတိုးဖို့အတွက် ရန်ကုန်ကို မဖြစ်မနေ ပြန်ရမှာဖြစ်တာကြောင့် အများစုက သက်တမ်းမတိုးဘဲ တရားမဝင်လုပ်သား၊ ပန်းရောင်ကတ် လုပ်သားတွေ အဖြစ် ပြောင်းလဲနေထိုင်လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီက လက်ရှိအစီအစဉ်ကို အကောင်အထည်ဖော်ပြီး တချို့သော လုပ်ငန်းစဉ်တွေကို လျှော့ချလိုက်တာဖြစ်တာကြောင့် အဲဒီလုပ်ဆောင်မှုကို ကြိုဆိုတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
” တကယ်ကတော့ သူတို့ဆီကိုလည်း တနေ့တနေ့ တိုင်ချက်တွေဝင်တာ မနည်းဘူး။ တကယ်လည်း ဒီဘက်မှာက ပြန်လို့မရတဲ့သူတွေက အများကြီး တချို့ဆို အိမ်တွေမရှိတော့ဘူး။ လမ်းခရီးမှာ အန္တရာယ်ရှိတယ်။ အထဲထိ ပြန်ပြီးရင် ပြန်လာလို့ ရ၊ မရကလည်း မသေချာဘူး ဒါမျိုးတွေရှိတာကိုး။ ဒါပေမယ့် လုပ်ငန်းခွင်မှာ အခြေကျနေတဲ့ တရားဝင် အလုပ်သမားတယောက်က သက်တမ်းသွားမတိုးနိုင်လို့ တရားမဝင်ဖြစ်ရမယ်ဆိုရင် သူ့အတွက် နစ်နာတာက အများကြီးဖြစ်သွားပြီ ” လို့ AAC (လက်တွဲကူညီ) ရဲ့ ဒါရိုက်တာဖြစ်သူ ဦးခိုင်ကြီးက ရှင်းပြပါတယ်။
သက်တမ်းတိုးမှာ အကျုံးဝင်တဲ့သူတွေအနေနဲ့ ဒီလုပ်ငန်းစဉ်မှာ ပါဝင်သင့်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက အကြံပြုတိုက်တွန်းထားကြပါတယ်။
အလုပ်သမားတွေအနေနဲ့ ကိုယ့်ရဲ့ သက်ဆိုင်ရာ လုပ်ငန်းခွင် မန်နေဂျာတွေကို အကြောင်းကြားထားဖို့ လိုအပ်ပြီး အမည်ပျက်စာရင်း ကြေညာခံထားရတဲ့ အေဂျင်စီတွေက ပို့ဆောင်ခံထားသူတွေအနေနဲ့ အခြားသော အေဂျင်စီကို ပြောင်းရွေ့သက်တမ်းတိုးနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင်ထိုင်းနိုင်ငံမှာ MoUနဲ့ အပါအဝင် မြန်မာလုပ်သား သန်းနဲ့ချီရှိပြီး အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းကုန်ဆုံးပြီး တရားမဝင်ဖြစ်သွားတဲ့ သူတွေကိုလည်း တရားဝင်မှု ပြန်ရဖို့ လုပ်ဆောင်ပေးစေချင်တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက ဆန္ဒရှိကြပါတယ်။
” အခုလိုမျိုး ပတ်စ်ပို့ သက်တမ်းကျန်တဲ့ သူတွေပဲ မဟုတ်ပဲနဲ့ ဟိုးအရင်ကတည်းက MoU ရော ပတ်စ်ပို့ရော သက်တမ်းကုန်သွားတဲ့ သူတွေအတွက်လည်း တခုခုလုပ်ပေးနိုင်ရင် ကောင်းတာပေါ့ ” လို့ ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အလုပ်လုပ်နေတဲ့ မချိုမာက အကြံပြုပါတယ်။
ဓာတ်ပုံ – မြန်မာသံရုံး-ဘန်ကောက်