လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU က ကျပ်သိန်းငါးဆယ်ပေး

စက်တင်ဘာ၊ ၇
 
စစ်ကောင်စီတပ်ကို စွန့်ခွာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကို ငွေကျပ် သိန်းငါးဆယ် ချီးမြှင့်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့ စက်တင်ဘာလ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
 
အဲ့ဒီစစ်ကောင်စီတပ်သားဟာ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၃၂) ကနေ ထွက်ခွာလာကာ KNU တပ်မဟာ (၆) KNLA တပ်ရင်း (၁၇) ဆီကို စက်တင်ဘာ ၄ ရက်က လာရောက်ပူးပေါင်းခဲ့တာလို့ သိရပါတယ်။
 
စစ်ကောင်စီတပ်သား အသက် ၂၂ နှစ်အရွယ် စိုင်းဖြိုးအောင်ဟာ ချေမှုန်းရေးရိုင်ဖယ် MA-1 သေနတ်တလက်၊ ကျည်အိမ်ငါးခု၊ ကျည်ဆံ ခုနစ်ဆယ်ကျော်နဲ့အတူ ပူးပေါင်းလာတာလို့ ဆိုပါတယ်။
 
အဲဒီစစ်ကောင်စီ တပ်ဖွဲ့ဝင်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်သွားမှာ ဖြစ်တယ်လို့လည်း KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ပြည်သူဘက် ပူးပေါင်းလာမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင် အားလုံးကို လက်ခံသွားမှာဖြစ်ပြီး ခိုလှုံလာတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရှေ့ဆက် ဘဝရပ်တည်နိုင်ရေး အတွက်လည်း ကူညီပေးသွားမယ်လို့ အသိပေးထားပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ဝင်တဦး KNU ထံ လက်နက်နဲ့အတူ လာရောက်ပူးပေါင်းခဲ့ပြီး အဲဒီတပ်ဖွဲ့ဝင်ကိုလည်း KNU ဘက်က ဘတ် ငါးသောင်း ချီးမြှင့်ခဲ့ပါသေးတယ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ လက်ရှိအချိန်ထိ ပြည်သူဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲ ၁၄၀၀၀ ကျော်ရှိပြီလို့ ဒီကနေ့ NUG က ထုတ်ပြန်ထားပါတယ်။
 
အဲဒီ CDM ဝင်လာသူတွေထဲမှာ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိတွေ အပါအဝင် စစ်သား ၃၂၃၅ ဦး ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀,၃၅၆ ဦး ပါဝင်ပါတယ်။
 
ဓာတ်ပုံ – KNU