စက်တင်ဘာ၊ ၆
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊သားကျင်ရွာကဒေသခံငါးဆယ်ကျော်ကို စစ်ကောင်စီက စက်တင်ဘာ ၃ရက် မ နက်ပိုင်းမှာ ဖမ်းခေါ်သွားပြီး ဒီကနေ့ အထိ ၁၆ဦးသာပြန်လွတ်လာသေးတယ်လို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေကပြောပါတယ်။
“ပြန်လွတ်တဲ့သူရောမလွတ်တဲ့ သူရောရိုက်ခံရတယ်၊ဖမ်းတယ်ဆိုတည်းက ရိုက်ပြီးဖမ်းခေါ်သွားတာ၊ စစ်တာဆေး တာတွေကို အစားမကျွေးဘဲ စစ်တယ်လို့ပြောတယ်”လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။
ငါန်းဇွန်-ငါန်းမြာလမ်းမကြီးပေါ် ငါန်းဇွန်းမြို့အနောက်ဘက် ၁၄မိုင်ကျော်အကွာက သားကျင်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စက်တင်ဘာ ၁ရက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းက မစ်ရှင်လုပ်တော့ စစ်ကောင်စီသေတာရှိတယ်၊အဲ့လိုဖြစ်တော့ ရွာထဲသတင်းပေးရှိတယ်ဆိုတဲ့ အချက်နဲ့ စစ်ကောင်စီက ဒေသခံတွေလိုက်ဖမ်းတာဖြစ်မယ်၊အရင်လကလည်း ဒလန်ရှင်းတာတွေလုပ်ခဲ့တယ်၊ အဲ့ဒါကြောင့် ခုလို မဆိုင်တဲ့ပြည်သူတွေကိုဖမ်းသွားတာ”လို့ဒေသအခြေစိုက် Youth Guerrilla Counter Revolution N-Z တပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
စစ်ကောင်စီက သာကျင်ရွာခံတွေကို သူတို့တပ်စွဲထားတဲ့ အဲ့ဒီရွာက ဘုန်းကြီးကျောင်းထဲမှာ ကနဦး ဖမ်းဆီး စစ်ဆေးပြီးနောက် အမျိုးသမီး တဦးအပါ အဝင်ဒေသခံ ၁၆ဦးကို မနေ့က ပြန်လွှတ်လိုက်တယ်လို့သိရပါတယ်။
ကျန်တဲ့အမျိုးသားသုံးဆယ်ကျော်ကိုတော့ စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ငါန်းဇွန်မြို့ပေါ်ကို ခေါ်သွားပြီး လက် ရှိငါန်းဇွန်မြို့ပေါ်ကို စစ်ကြောင်းရောက်သွားပေမယ့် ဖမ်းခံရသူတွေရဲ့အခြေအနေကိုတော့ တိတိကျကျမသိ ရသေး ပါဘူး။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းကလည်းသားကျင်ကျေးရွာထဲက အမျိုးသားလေးဦး ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ ပြီး ရွာဘုန်းကြီးကျောင်းမှာ ရိုက်နှက်စစ်ဆေးခဲ့ကာညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
သားကျင်ကျေးရွာ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁ရက်က ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ စစ် ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ်အခြေစိုက်တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် ဩဂုတ် ၁၃ရက်ကလည်း အဲ့ဒီရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်တို့ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြပါသေးတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီလော်ဘီတယ်လီဂရမ် ချန်နယ်တွေကဖော်ပြကြပြီး တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့သေဆုံးသူတွေဟာ စစ်ကောင်စီနဲ့ ပတ်သက်နေသူတွေလို့ ပြောထားပါတယ်။