မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဥ်ဆီ ရောင်းချနေမှု အဆုံးသတ်ပေးဖို့ G 20 အဖွဲ့ဝင်နိုင်ငံတွေကို NUG တောင်းဆို

စက်တင်ဘာ၊ ၆
 
မြန်မာစစ်တပ်ဆီ လက်နက်နဲ့ လေယာဥ်ဆီ ထောက်ပံ့၊ ရောင်းချနေမှုကို အဆုံးသတ်ပေးဖို့ အပါအဝင် အချက်ငါးချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက G 20 အဖွဲ့ဝင်နိုင်ငံတွေထံ ဒီကနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
 
အခုလအတွင်း လာမယ့်ရက်ပိုင်း စက်တင်ဘာလ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပမယ့် စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေး (G 20 အစည်းအဝေး) မကျင်းပမီ နှစ်ရက်အလိုမှာ NUG က အခုလို တောင်းဆိုလိုက်တာပါ။
 
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုအဆင့်ဟာ အာရှရှိတခြား နိုင်ငံတွေထက် ပိုမြင့်မားနေပြီး စစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို ချက်ချင်း ရပ်တန့်ရေး တောင်းဆိုပေးဖို့အတွက် G 20 နိုင်ငံတွေကို NUG အစိုးရက တိုက်တွန်းထားပါတယ်။
 
ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ သူတို့ရဲ့ အကြမ်းဖက်လုပ်ဆောင်မှုတွေအတွက် ငွေကြေးပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်ပေးဖို့ကိုလည်း NUG ဘက်က တောင်းဆိုထားပါတယ်။
 
အိန္ဒိယအစိုးရက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဘိုင်ဒင် ကိုယ်တိုင် တက်ရောက်မှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိ မရှိကိုတော့ မသိရသေးပါဘူး။
 
NUG အစိုးရဘက်ကတော့ မြန်မာ့အကျပ်အတည်းဟာ G 20 အဖွဲ့ဝင်နိုင်ငံ အားလုံးအတွက် သိသာထင်ရှားတဲ့ ဘေးဥပါဒ်နဲ့ နိုင်ငံရေးလုံခြုံမှုကို ခြိမ်းခြောက်နေတာကြောင့် မြန်မာနိုင်ငံက အခြေအနေတွေကို လစ်လျူမရှုသင့်ဘူးလို့ ဆိုထားပါတယ်။
 
မြန်မာ့အကျပ်အတည်းကြောင့် အိမ်နီးချင်နိုင်ငံတွေအားလုံး အထူးသဖြင့် နယ်စပ်ဒေသ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံအပေါ် မှီခိုနေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ စီးပွားရေးထိခိုက်မှုတွေ ရှိလာတယ်လို့ NUG က ထောက်ပြပါတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံအတွင်း အခြေစိုက်ပြီး အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို G 20 နိုင်ငံတွေ အများဆုံးခံနေရပြီး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးမှု ဖြစ်နေတယ်လို့ NUG ဘက်က ထောက်ပြပါတယ်။
 
အလားတူပဲ မြန်မာပြည်တွင်းက နယ်စပ်ဖြတ်ကျော်အုပ်ချုပ်မှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်တွေကို ထောက်ပံ့ရာမှာ G 20 နိုင်ငံတွေအနေနဲ့ NUG အပါအဝင် NUG ရဲ့ မဟာမိတ်အဖွဲ့ တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ NUG အစိုးရဘက်က တောင်းဆိုပါတယ်။
 
ဒါ့အပြင် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ ဖြေရှင်းနိုင်ရေးအတွက် NUG နဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့တွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေး အကူအညီများ ပေးအပ်ဖို့လည်း G 20 အဖွဲ့ဝင်နိုင်ငံတွေထံ NUG က တောင်းဆိုထားပါတယ်။ G 20 စက်မှုထိပ်သီးနိုင်ငံတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ယူကေ၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ် စတဲ့နိုင်ငံတွေ ပါဝင်သလို မြန်မာ့အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ တို့လည်း ပါဝင်ပါတယ်။
 
ဓာတ်ပုံ​ – Reuters