မဲဆောက်မှာ ဒရုန်းထုတ်လုပ်တယ်ဆိုပြီး မြန်မာနိုင်ငံသား ဆယ်ဦးခန့် ဖမ်းဆီးခံရ

စက်တင်ဘာ ၊ ၄

မြန်မာနဲ့ ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ ၊မဲ့ကဆာကျေးရွာက နေအိမ်တလုံးမှာ စက်တင်ဘာလ ၃ ရက်၊ ညနေပိုင်းက ဒရုန်းထုတ်လုပ်နေတဲ့အမျိုးသမီးတချို့အပါအဝင်  မြန်မာနိုင်ငံသား ဆယ်ဦးခန့်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

“ ဟုတ်ပါတယ်။ အိမ်မှာ ငှားနေကြရင်းနဲ့ လုပ်နေကြတာလို့ သိရတယ်။ဒရုန်းထုတ်လုပ်တာပေါ့နော်။ အားလုံးပေါင်းရင် ဆယ်ယောက်လောက်ရှိတယ်ဗျ။” လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ ကားနဲ့ ၄၅ မိနစ်ခန့်မောင်းရတဲ့ မဲ့ကဆာကျေးရွာဘက်က နေအိမ်တလုံးမှာ ဒရုန်းနဲ့ ဆက်စပ် ပစ္စည်းတွေ ထုတ်လုပ်နေတဲ့သတင်းကို အိမ်နီးနားနေထိုင်ကြတဲ့ဒေသခံတွေက သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားခဲ့ ရာမှ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို ထိုင်းအာဏာပိုင်တွေက နေအိမ်အတွင်းဝင်ရောက်ဖမ်းဆီးရာမှာ နေအိမ်အတွင်းမှ မြန်မာနိုင်ငံသား ဆယ် ဦးခန့်တွေ့ရှိခဲ့တဲ့ အပြင် ဒရုန်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ တကယ့်ကို ထုတ်လုပ်ရေးသုံးစက်ပစ္စည်းကြီးတွေကို မိသွားတာလို့ ပြောတယ်။ကားတစီးစာလောက်တင်သွားတယ်။ မောင်းသူမဲ့ ဒရုန်းတွေလေ။နောက်ဖေးက စွန့်ပစ်ထားတဲ့ ဒရုန်းအပိုင်းအစတွေကအစ သူတို့တွေ ရှာဖွေပြီး သိမ်းဆည်းသွားတာ၊ များတော့ များတယ်။ပစ္စည်းတွေက ထုတ်လုပ်ရေးအတွက် အသုံးပြုတဲ့ဟာကြီးဘဲ။” လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

သိမ်းဆည်းခံရတဲ့ ဒရုန်းထုတ်လုပ်ရေးသုံးဆက်စပ်ပစ္စည်းတွေကဆိုရင် ကာလတန်းဖိုအားဖြင့် ကျပ်သိန်းထောင်ချီရှိနိုင်ပြီး  ဖမ်းဆီးခံထားရတဲ့သူတွေကို ထိုင်းအာဏာပိုင်တွေက ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး  ဥပဒေ အရ အရေးယူဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာ ထိုင်းအာဏာပိုင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့တွေက မဲဆောက်မြို့အတွင်းအပြင်က နေရာ အများစုမှာ ကားတွေနဲ့ ကင်းလှည့်ထွက်တာ၊ ဂိတ်ချစစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ နောက်ဆက်တွဲအနေနဲ့ သူတို့တွေ တော်တော်ကို ရှာဖွေမှုတွေ လုပ်နေတာနော်။အခုဆိုလည်း ကားတွေနဲ့ လှည့်ပတ်တာ၊ ဂိတ်ချ စစ်ဆေးတာတွေ လုပ်နေတာ၊ အဓိက အဲဒီလိုမျိုး လုပ်နေတဲ့ နေရာတွေ ရှိသေးတယ်ဆိုပြီး ရှာတာပေါ့ဗျာ။” လို့ မဲဆောက်မြို့မှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ပြောပါတယ်။

ဒါကြောင့် မဲဆောက်ရောက်နေတဲ့ နေထိုင်သွားလာခွင့်အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ယခုရက်ပိုင်း အတွင်း မလိုအပ်ဘဲ အပြင်ထွက်သွားလာတာတွေ မလုပ်ကြဖို့နဲ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး လုပ်ကိုင်နေကြတဲ့ ရဲဘော်တွေ အနေနဲ့လည်း နေရာပြောင်းရွေ့နေထိုင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးခံရတဲ့ ဒရုန်းထုတ်လုပ်တဲ့သူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ကနေ လှုပ်ရှားနေတဲ့အဖွဲ့တခုဖြစ်တယ်လို့ပြောဆိုမှုတွေ ရှိနေပေမယ့် DNA အနေနဲ့ သီးခြား အတည်ပြုပေးနိုင်ခြင်း မရှိသေးပါဘူး

Photo -CJ