စက်တင်ဘာ၊ ၄
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်ထဲရှိ သေးဆူလဲ နဲ့ ပူဖားကျေးရွာ တွေမှာ တပ်စွဲထားတဲ့ တပ်စခန်းနှစ်ခုကို တော်လှန်ရေးအင်အားစုတွေက ဒီလ၂ ရက်မှာ စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဆယ်ကျော် သေဆုံးတယ်လို့ ကရင်နီပူးပေါင်းတပ်တွေ သတင်းထုတ်ပြန်ပါတယ်။
” စခန်းကို စွန့်ခွာပြီးတော့မှ အတုံးအရုံးနဲ့ ထိခိုက်ကျဆုံးမှုတွေ များပြီး ထွက်ပြေးသွားတဲ့ အနေအထားပါ။ အလောင်းတွေတော့ စခန်းမှာ ကျန်ခဲ့တယ်။ အခုလက်ရှိကတော့ အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတုန်းပဲ ” လို့ ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူတဦးဖြစ်သူ KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီက DNA ကို ပြောပါတယ်။
အမှတ် (၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂) လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ (၉) က တပ်ဖွဲ့ဝင် တရာနီးပါးရှိတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းတွေကို မနက် ၅ နာရီလောက်မှာ စတင်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ကိုးနာရီလောက်မှာတော့ စစ်ကောင်စီတပ်ဘက်က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
” သူတို့ ထိုင်တာက စခန်းနေရာ သုံးနေရာ။ အဓိက စခန်းကြီး နှစ်နေရာနဲ့ ကာကင်းလိုမျိုးက တနေရာ။ ကျနော်တို့ကတော့ ကတုတ်ကျင်းတွေနဲ့ အခိုင်အမာ လုပ်ထားတဲ့ နေရာတွေကိုပဲ အဓိက တိုက်ခိုက်ချေမှုန်းခဲ့တာ ” လို့ ကိုမာဝီက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ချေမှုန်းရေးရိုင်ဖယ် ၁၅ လက်၊ ငါးကြင်းမြီး (စက်သေနတ်) တလက်၊ ပခုံးထမ်းလောင်ချာ (RPG) တလက်နဲ့ ၆၀ မမ စိန်ပြောင်း နှစ်လက်အပါအဝင် အခြားလက်နက်ခဲယမ်းတွေကိုလည်း ကရင်နီပူးပေါင်းတပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်တာတွေလည်း ပြုလုပ်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်မှု ရှိပေမယ့် ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
ဒီးမော့ဆိုမြို့နဲ့ သုံးမိုင်လောက်သာဝေးတဲ့ အဲဒီ သေးဆူလဲရွာ နဲ့ ပူဖားရွာ တွေဘက်ကို စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မတ်လလောက်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး တပ်စွဲနေထိုင်တာလို့ သိရပါတယ်။
လက်ရှိမှာတော့ အဲဒီစခန်းတွေကို ပြန်လည်ရရှိရေး စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်နေလို့ အဲတဝိုက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
” သူတို့အတွက် ဒီနေရာတွေက အရေးကြီးတဲ့ နေရာတွေ ဖြစ်ပါလိမ့်မယ်။ အဲတော့ ဒီနေရာတွေကို အသည်းအသန် ထိုးစစ်ဆင်ပြီးတော့ တိုက်ခိုက်နေတာ။ နောက်ပြီး ထွက်ပြေးသွားတဲ့ ဒုတပ်ရင်းမှူးလည်း ပျောက်ဆုံးနေတဲ့ အခြေအနေဖြစ်နေတယ် ” လို့ ကိုမာဝီက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်က ဇူလကုန်လောက်ကတည်းက ရှမ်းပြည်နယ်၊ ဖယ်ခုံကနေတဆင့် တပ်ဖွဲ့ဝင် တထောင်နီးပါး အင်အားဖြည့်တင်းထားပြီး အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား လက်ရှိအချိန်ထိ ဒီးမော့ဆိုမြို့နဲ့ အနီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – KNDF