မြဝတီက ဒရုန်းနဲ့တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရသူတချို့ မဲဆောက်ဘက်မှာ ဆေးကုသနေ

စက်တင်ဘာ၊ ၄
 
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရမှုအတွင်း ဒဏ်ရာရခဲ့တဲ့ စစ်ကောင်စီလက်အောက်ခံတချို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်မှာ ကုသမှု ခံယူနေရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက DNA ကို အတည်ပြုပြောပါတယ်။
 
“ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရထားတဲ့ လူကြီးပိုင်းတချို့ကို မြဝတီဆေးရုံမှာ အဆင်မပြေလို့၊ ရန်ကုန်ဘက် ပြန်သယ်မယ်ဆိုရင်လည်း အချိန်က မရှိတဲ့အတွက် မဲဆောက်က ဆေးရုံတခုခုမှာ ဆေးကုသမှု ခံယူနေတယ်၊ ဘယ်နှစ်ဦးလဲတော့ ကျွန်တော်တို့လည်း မသိရသေးဘူး ” လို့ မြဝတီခရိုင် အုပ်ချုပ်ရေးမှူးရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
ဒါ့အပြင် ကျန်တဲ့ ထိခိုက်ဒဏ်ရာရရှိသူ တချို့ကိုလည်း မြဝတီဆေးရုံကြီးမှာ ဆေးကုသပေးနေပြီး အဲဒီထဲက တချို့ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
 
“ တော်တော်ဆိုးဆိုးဝါးဝါး ထိသွားတဲ့အခါကျတော့ ဒဏ်ရာက အများကြီး ရထားတယ်၊ အသက်အန္တရာယ်ကတော့ တချို့တော့ စိုးရိမ်နေရတုန်းဘဲ ” လို့ အထက်ပါ သတင်းရင်းမြစ်က ပြောပါတယ်။
 
မြဝတီမြို့က ခရိုင်အုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး နေအိမ်တို့ကို မနေ့က ညပိုင်းမှာ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ငါးဦး သေဆုံးကာ ဆယ်ဦးလောက် ဒဏ်ရာရခဲ့ကြတာပါ။
 
မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ခရိုင်အုပ်ချုပ်ရေးမှူး နေအိမ်တို့ဟာ စက်တင်ဘာ ၃ ရက် ညခြောက်နာရီမှာ ပထမတကြိမ် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံခဲ့ရပါတယ် ။အဲဒီတိုက်ခိုက်ခံရမှုကို ဒေသတွင်း စစ်ကောင်စီ အကြီးအကဲတွေ လာစစ်ဆေးချိန် မနေ့က ညပိုင်းမှာ ဒရုန်းနဲ့ပဲ ထပ်ပြီး တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
 
“ ပထမအကြိမ်ပြီးတော့ လူကြီးတွေ လာစစ်ဆေးနေတုန်းမှာ ထိသွားတာပါ၊ အဲဒီမှာပဲ အကုန်လုံးနီးပါး ထိသွားကြတာပါ ” လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
 
ဒရုန်းက ပစ်ချတဲ့ ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်း၊ အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်၊ ဒုရဲမှူး နေလင်းစိုး အပါအဝင် ငါးဦးသေဆုံးခဲ့ကာ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာ လက်ရှိအထိတော့ တရားဝင်ထုတ်ပြန်အတည်ပြုတာမျိုး မရှိသေးပါဘူး။ မနေ့က ညပိုင်းက တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ် ပျံ့နှံ့ပေါက်ကြားလာတဲ့ စစ်ကောင်စီအဖွဲ့တွင်း သတင်းပေးပို့မှု အသံဖိုင်မှာတော့ လက်ခတ်တောင်ပေါ်ကနေ ဒရုန်းနဲ့ တိုက်ခိုက်လာတာလို့ ပြောဆိုထားတာ တွေ့ရပါတယ်။
 
ဒါပေမယ့် လက်ခတ်တောင်ကို သိမ်းပိုက်တပ်စွဲထားတဲ့ ကော်ဘရာစစ်ကြောင်း ဘက်ကတော့ အတည်ပြု သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။
 
ဓာတ်ပုံ – Google