မူဆယ်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ နေရပ်မပြန်ရဲသေး

စက်တင်ဘာ၊ ၃
 
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် အတွင်းရှိ စယ်လန့်ကျေးရွာနဲ့ အနီးနားက ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
“ အဓိကတော့ လက်နက်ကြီး ကြောက်လို့ မပြန်တာပေါ့။ ရွာမှာက လက်နက်ကြီးနဲ့ ခဏခဏပစ်ခံနေရတော့ ဘယ်လိုမှ မနေရဲကြဘူး ” လို့ စယ်လန့် ဒေသခံတဦးက ဆိုပါတယ်။
 
လက်တလောမှာ စယ်လန့်ရွာ အနီးနားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် စယ်လန့်၊ ဂေါင်ရာရွာသစ်၊ မန်ကန်၊ မိုင်းဆတ်၊ ပန်ဟုပ်၊ နမ့်ကန်ရွာနဲ့ ဖိုင်ကျောင်းရွာက ဒေသခံ နှစ်ထောင်ကျော်လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
 
” စစ်ရှောင်တွေ ရွာမပြန်ကြသေးဘူး။ တချို့ကတော့ ကိုယ်အိမ်ကို ခဏတဖြုတ် ပြန်ကြည့်တာမျိုးတော့ ရှိတယ်။ ကလေးတွေနဲ့ လူကြီးတွေကတော့ အခုထိ စစ်ရှောင်နေရတုန်းပဲ ” လို့ အဲဒီဒေသခံက ပြောပါတယ်။
 
စယ်လန့်ကျေးရွာ ဒေသခံတွေဟာ မူဆယ်မြို့ ဟိုနား၊ စွမ်စော်ရပ်ကွက်နဲ့ နမ့်ခမ်းမြို့နယ်၊ တုန်ခွမ်ရွာ တွေဖက်ကို ထွက်ပြေးတိမ်ရှောင်ရတာ ရှိသလို ဆွေမျိုးနီးစပ်တော်တဲ့ သူတွေဆီကိုလည်း ခဏသွားနေတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။
 
“ တရွာလုံး ထွက်ပြေးလာကြတာမျိုးတော့ မဟုတ်ဘူး၊ လူငယ်တွေကတော့ အိမ်စောင့်ရင်းနဲ့ ကျန်ခဲ့တာလည်း ရှိတယ်။ စစ်ရှောင်ရတော့ အိမ်ကပစ္စည်းတွေ ကျွဲ၊ နွားတွေ ဒီအတိုင်းထားခဲ့ရတယ်လေ။ အဲဒါ့မပျောက်အောင် အစောင့်သဘော ကျန်ခဲ့တဲ့သူတွေ ရှိတယ် ” လို့ နောက်ထပ်ဒေသခံတဦးက ဆိုပါတယ်။
 
တရုတ်-မြန်မာနယ်စပ် TNLA တပ်မဟာ (၁) နဲ့ (၅) တည်ရှိရာ မူဆယ်မြို့နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ စက်တင်ဘာ ၂ ရက်နေ့အထိ နှစ်ဖက်တပ်တွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
 
လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နမ့်ဖက်ကာ ဒေသခံ အမျိုးသားနှစ်ဦးလည်း ဒီလအစောပိုင်းက သေဆုံးခဲ့ပါသေးတယ်။
 
တအာင်းတပ်မတော် တပ်မဟာ (၅) စစ်ဒေသဖြစ်တဲ့ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းရွာ အနီးမှာ စစ်ကောင်စီလက်အောက်ခံ စကခ (၁၇)၊ ခမရ (၅၇၇)၊ ရမခ ၊ခလရ(၄၅) တပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် မနေ့ကညနေပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းတပ်တွေ တည်ရှိရာ လွယ်ကျလော့ အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါသေးတယ်။
 
ရှမ်းမြောက်ဒေသမှာ ဇူလိုင်လ ၂၃ ရက်ကနေ စက်တင်ဘာလ ၂ ရက်အထိ တိုက်ပွဲပေါင်း ၃၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CJ