အာဆီယံလူထုဖိုရမ်ကနေ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ

စက်တင်ဘာ၊ ၃
 
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံလူထုဖိုရမ်ကနေ မြန်မာအာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။
 
” ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံက စစ်တပ်အစုအဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာတယ်ဆိုတာသည် ဘယ်လောက်တောင် ဆိုးဝါးရက်စက်နေသလဲဆိုတာကို ” လို့ အာဆီယံလူထုဖိုရမ်ကို ပူးတွဲကျင်းပတဲ့ Myanmar National Organizing Committee အဖွဲ့ဝင် မသဥ္ဇာရွှန်းလဲ့ရည်က DNA ကို ပြောပါတယ်။
 
လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတဲ့အတွက် အခုလို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
 
မြန်မာအပါအဝင် အာဆီယံဆယ်နိုင်ငံနဲ့ တီမောနိုင်ငံက အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားပြုသူတွေ တက်ရောက်ဆွေးနွေးကြတဲ့ ၂၀၂၃ ခုနှစ် အာဆီယံလူထုဖိုရမ် (APF)ခေါ် အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများညီလာခံ (ACSC) ကို ဒီလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ကျင်းပခဲ့တာပါ။
 
ဒါ့အပြင် နိုင်ငံတော်အာဏာကို ရရှိဖို့ ရက်စက်ကြမ်းကြုတ်စွာ ကြိုးပမ်းနေတဲ့ မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းမှုဟာ ရက်ပေါင်း ၉၄၅ ရက်ကြာသည်အထိ အောင်မြင်မှုမရဘဲ ဖြစ်နေပြီး မြန်မာပြည်သူတွေရဲ့ ရုန်းကန်မှုဟာ အရှေ့တောင်အာရှ ဒေသတခုလုံးအတွက် လှုံ့ဆော်မှု မီးရှူးတန်ဆောင်တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။
 
အလားတူပဲ မြန်မာစစ်တပ်ကို လေယာဉ်လောင်စာဆီနဲ့ လက်နက်တွေရောင်းချတာ၊ တရားဝင်အစိုးရသဖွယ် ဆက်ဆံနေတာတွေကို ရပ်တန့်ကြဖို့နဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို လက်မခံကြဖို့ အာဆီယံလူထုဖိုရမ်ကနေ နိုင်ငံအသီးသီးကို တောင်းဆိုလိုက်ပါတယ်။
 
” ဒီဖိုရမ်ကတဆင့် တက်ရောက်လာတဲ့ ပြည်သူတွေ၊ လူငယ်တွေ၊ နောက်မျိုးဆက်သစ်တွေဟာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပိုပြီးမြင်လာနေပြီ။ လူထုချင်း အတူရပ်ထားမှရမယ်။ ကာထားပေးမှ ရမယ်ဆိုတဲ့ စဉ်းစားချက်လည်း ပိုပြီးတော့ တိုးတက်လာတာဟာ ကျမတို့ ဒေသတွင်းအတွက် ပိုပြီးတော့ကောင်းတဲ့ ပြောင်းအလဲဖြစ်ပါတယ် ” လို့ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
 
တဖက်မှာတော့ NUG၊ NUCC၊ ERO အဖွဲ့တွေနဲ့ တရားဝင်ဆက်ဆံပြီး စစ်အာဏာရှင်တော်လှန်ရေးကို ထောက်ပံ့ပေးဖို့နဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့အတွက် အာဆီယံလူထုဖိုရမ်က တောင်းဆိုလိုက်ပါတယ်။
 
ဒါပေမယ့် တဖက်မှာလည်း အာဆီယံခေါင်းဆောင်တွေဟာအာဏာသိမ်း မြန်မာစစ်တပ်နဲ့ တရားဝင်ဆက်ဆံတာတွေကို ဒီကနေ့အထိ ပြုလုပ်နေသလို အာဆီယံသဘောတူညီမှု ငါးရပ်နဲ့ အညီ လုပ်ဆောင်ဖို့ တိုက်တွန်းတာတွေလည်း ရှိပါတယ်။
 
အာဆီယံကာကွယ်ရေးဝန်ကြိီးများအစည်းအဝေး (ADMM) နဲ့ ဆွေးနွေးဖက်နိုင်ငံတွေရဲ့ ပလက်ဖောင်းဖြစ်တဲ့ ADMM-Plus ရဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုကို အခု စက်တင်ဘာလထဲ ရုရှားနိုင်ငံမှာ မြန်မာစစ်တပ်က ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူပြုလုပ်သွားဖို့ ရှိနေပါတယ်။
 
ဒါ့အပြင် အာဆီယံ လေတပ်အကြီးအကဲများညီလာခံကိုလည်း စက်တင်ဘာလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ မြန်မာစစ်တပ်ရဲ့ လေတပ်ဦးစီးချုပ်ကနေ ဦးဆောင်ပြီး နေပြည်တော်မှာ ကျင်းပဖို့ ရှိနေပါတယ်။
 
မသဥ္ဇာရွှန်းလဲ့ရည်ကတော့ အာဆီယံလူထုဖိုရမ်ရဲ့ အခုလိုကြေညာချက်ဟာ အာဆီယံခေါင်းဆောင်တွေရဲ့ အာဏာသိမ်းမြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို လက်တွန့်သွားစေနိုင်တယ်လို့လည်း သုံးသပ်ပါတယ်။
 
“၂၀၂၁ မှာ လူထုရဲ့ စုပေါင်းဆန္ဒပြမှု ဆိုရင်လည်း သက်ရောက်မှုကြီးကြီး ဖြစ်ခဲ့တယ်။ အာဆီယံဟာ မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးညီလာခံကို မဖိတ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချလိုက်နိုင်တယ်ပေါ့။ ဒါသည် အာဆီယံက လူထုရဲ့ဖိအားကို အဓိကခံရလို့ အဲလိုဖြစ်တာပေါ့နော် ” လို့ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
 
အာဆီယံလူထုဖိုရမ်ကို ပြီးခဲ့ ၂၀၀၅ ခုနှစ်ကတည်းကနေ အခု ၂၀၂၃ ခုနှစ်အထိ နှစ်စဉ်ကျင်းပခဲ့ကြတာဖြစ်ပြီး အာဆီယံနိုင်ငံအသီးသီးက အလုပ်သမားအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လူငယ်အဖွဲ့အစည်းတွေစတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ကြတဲ့ ဒေသအတွင်း အကြီးဆုံး လူထုစုစည်းမှုတခုလည်း ဖြစ်ပါတယ်။
 
အာဆီယံလူထုဖိုရမ်တွေကို အာဆီယံဥက္ကဌနေရာ ယူထားတဲ့ အိမ်ရှင်နိုင်ငံတွေက လက်ခံကျင်းပပေးရပြီး ဆွေးနွေးချက်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း ခေါင်းဆောင်တွေထံကို တိုက်ရိုက်တင်ပြတာတွေလည်း ရှိပါတယ်။
 
” အဲဒီနောက်ဆက်တွဲ လူထုရဲ့ဖိအားကို ကျမတို့ ဆက်ပြီး တင်နိုင်မယ်ဆိုရင်တော့ အာဆီယံကို ပြုပြင်ပြောင်းလဲတဲ့အဆင့်ထိ သွားနိုင်မယ်လို့ ကျမတို့မျှော်လင့်တယ် ” လို့ မသဥ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီ