မြန်မာကြောင့် တခြားမိတ်ဘက်နိုင်ငံတွေနဲ့ ကုန်သွယ်မှု အာဆီယံတိုးမြှင့်လို့မရဖြစ်နေ

မြန်မာနိုင်ငံကြောင့် အာဆီယံအနေနဲ့ တခြားမိတ်ဘက်နိုင်ငံတွေနဲ့ ကုန်သွယ်မှုတိုးမြှင့်လို့မရဖြစ်နေကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောပါတယ်။
အာဆီယံ-အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး နယူးဒေလီမှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းချက်မှာ အဲဒီလို ပြောဆိုလိုက်တာလို့ မလေးရှားအခြေစိုက် Bernama သတင်းကဆိုကြောင်း RFA ကဖော်ပြပါတယ်။
အာဆီယံအဖွဲ့ဝင် ဆယ်နိုင်ငံမှာ တစ်နိုင်ငံက လက်မှတ်မထိုးချင်ရင် ကျန်တဲ့ ကိုးနိုင်ငံက လက်မှတ်ထိုးလို့ မရတာကြောင့် အာဆီယံက ဥရောပသမဂ္ဂ၊ အခြားစီးပွားရေး မိတ်ဘက်နိုင်ငံတွေနဲ့ ကုန်သွယ်မှု တိုးမြှင့်လို့ မရ ဖြစ်နေပြီးအဲဒီလိုဖြစ်နေတာ တရားမျှတမှု မရှိဘူးလို့ သူကပြောပါတယ်။
တကယ်လို့ အာဆီယံအနေနဲ့ တခြားမိတ်ဘက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးစာချုပ်ချုပ်ဖို့ လိုအပ်မယ်ဆိုရင် မြန်မာနိုင်ငံကြောင့်အဲဒီလို ထိခိုက်ပျက်ပြားတာမျိုး မဖြစ်သင့်ဘူးလို့ ဝန်ကြီး Saifuddin က ပြောသလို မြန်မာမပါဘဲ ကျန် ၉ နိုင်ငံနဲ့ စာချုပ်ချုပ်နိုင်မလားဆိုတာ စဉ်းစားရမယ်လို့လည်းဆိုပါတယ်။
မြန်မာနိုင်ငံအကျပ်အတည်း တိုးတက်မှုမရှိတဲ့အခြေအနေတွေအပေါ် မလေးရှားအစိုးရက တုန်လှုပ်ခြောက်ခြားမိကြောင်းလည်း သူကပြောပါတယ်။
မြန်မာပြည်သူတွေ အသတ်ခံနေရဆဲဖြစ်သလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေ လူသားချင်းစာနာမှု အကူအညီတွေ မရရှိကြကြောင်းလည်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။