စက်တင်ဘာ ၊ ၃
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကနေ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်အထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီလက်အောက်ခံတပ်တွေလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့အမျိုးသမီးအရေအတွက် ၆၀၂ ဦးထက်မနည်း ရှိပြီလို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့ရတဲ့အမျိုးသမီးတွေထဲမှာတော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းက အမျိုးသမီးဦးရေ သုံးရာနီးပါးနဲ့ အများဆုံးပါဝင်ပြီး နေပြည်တော်အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်အကုန်လုံးမှာ အမျိုးသမီးသေဆုံးတာ မရှိတဲ့ ဒေသမရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ တလထဲမှာပဲ စစ်ကောင်စီတပ်တွေလက်ချက်နဲ့ သေဆုံးခဲ့ရသူ အမျိုးသမီး ၁၃ ဦးရှိခဲ့ပြီး စစ်ကိုင်းတိုင်းက ကိုးဦးနဲ့ အများဆုံးပါဝင်ကာ ပဲခူးတိုင်းက နှစ်ဦး၊ မကွေးတိုင်းက တဦးနဲ့ တနင်္သာရီတိုင်းက တဦးတို့ ပါဝင်ပါတယ်။
သေဆုံးခဲ့ရတဲ့အမျိုးသမီးတွေဟာ မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခံရတာ၊ အရှင်လတ်လတ် မိီးရှို့ခံရတာတွေရှိသလို လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း သေဆုံးတာ၊ ဖမ်းဆီးပြီးမှ ပစ်ခတ်သတ်ဖြတ်ခံရတာတွေလည်း ရှိပါတယ်။
အဲဒီသေဆုံးခဲ့ရတဲ့ အမျိုးသမီး ၆၀၂ ဦးဟာ စစ်ကောင်စီလက်အောက်ခံတပ်တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေသာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေ လက်ချက်နဲ့ သေဆုံးခဲ့ရသူတွေတော့ အဲဒီစာရင်းထဲ မပါဝင်ပါဘူး။
“တော်လှန်ရေးအင်အားစုတွေဘက်ကနေ ဒလန်၊ ပျူစောထီးဆိုပြီး စွပ်စွဲသတ်ဖြတ်တာတွေလည်း မြေပြင်မှာရှိတယ်ပေါ့နော်။ ဥပမာ အဖေကိုဒလန်လို့ စွပ်စွဲပြီးသတ်ရာကနေ သမီးဖြစ်သူ၊ မယားဖြစ်သူတွေ မှားယွင်းပစ်သတ်ခံရတာတွေ၊ ဒါဟာလည်းအမျိုးသမီးအခွင့်အရေးကို ချိုးဖောက်ရာရောက်ပါတယ်” လို့ ထားဝယ်ခရိုင် ၊ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
အဲဒီလို တော်လှန်ရေးအင်အားစုတွေရဲ့ အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေကိုပါ မှတ်တမ်းတင်ထားသင့်တယ်လို့လည်း သူက အကြံပြုပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ အမျိုးသမီးဦးရေ သုံးထောင့်ငါးရာနီးပါးအထိရှိနေပြီး အဲဒီအထဲက ခြောက်ရာနီးပါးကတော့ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရတယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
အဲဒီအချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့အချက်အလက်တွေကို အဓိက ကိုးကားထားပြီး ခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့အချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် လက်တွေ့မြေပြင်အခြေအနေမှာ သတင်းအချက်အလက်စီးဆင်းမှုတွေမှာစိန်ခေါ်မှုတွေရှိနေတာကြောင့် လက်လှမ်းမှီဖို့အခက်အခဲ ရှိနေပြီး ကိန်းဂဏန်းတွေဟာ အခုထက်ပိုများနိုင်တယ်လို့လည်းမြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
AAPPကတော့ စစ်တင်္ပအာဏာသိမ်းချိန်းကနေ သေဆုံးသူ ၄,၀၂၃ ဦးမှာ အမျိုးသမီး ၆၀၈ ဦး(၁၅ ဒဿမ ၆ ရာခိုင်နှုန်း)နဲ့ ဖမ်းဆီးခံရသူ ၂၄,၅၈၆ ဦးမှာ အမျိုးသမီး ၄,၉၁၉ ဦး(၂၀ ဒဿမ ၁ ရာခိုင်နှုန်း)ပါဝင်တယ်လို့ စက်တင်ဘာလ ၁ ရက်က ထုတ်ပြန်ထား ပါတယ်။