စက်တင်ဘာ၊ ၁
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား ကိုးဦး သေဆုံးခဲ့ပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းသတင်းအချက်တွေအရ သိရပါတယ်။
” ရွာသုံးရွာလုံး ကထိခိုက်သေဆုံးသူတွေဟာ နေရင်းထိုင်ရင်း သေရတာပါ။ ကိုယ်နေတဲ့ ရွာထဲကို ကျလို့ သေရတာပါ။ သူတို့ပစ်တဲ့အချိန်မှာ ဘာတိုက်ပွဲမှ မရှိပါဘူး ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မူကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တာဖြစ်ပြီး ကျန်တဲ့ အရပ်သား သုံးဦးကတော့ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ မြောက်ခင်ရန်းကျေးရွာက စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ သြဂုတ် ၈ ရက်ကနေ ၁၅ ရက်အတွင်း ရေသာရွာက အမျိုးသမီးတဦး၊ မြင်သားရွာက အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး၊ အလယ်ရွာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ငါးဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
သြဂုတ်လ ၂၈ ရက်က ဂန့် ဂေါမြို့ပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဂန့်ဂေါတောင်ဘက် စိန်ဒူးကျေးရွာက အရပ်သား အမျိုးသားတဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၀ ရက်မှာ ဂန့်ဂေါအနောက်ဖက် ရှုံရှီရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှုံးရှီရွာသား သုံးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်းက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
ခုလအတွင်း ဒေသခံကာကွယ်ရေးတပ်တွေ နယ်မြေစိုးမိုးထားတဲ့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးကျေးရွာတွေမှာ ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပေါ်လို့ ထွက်ရှာတဲ့ ပျူစောထီး၊ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – Social Media