တာဝေး လက်နက်အသစ်တမျိုး ပြည်တွင်းဖြစ် ထုတ်လုပ် အသုံးပြုနေကြောင်း ယူကရိန်း သမ္မတပြော

စက်တင်ဘာ၊ ၁

ယူကရိန်းဟာ ကီလိုမီတာ ရာပေါင်း အတော်များများထိ ပစ်ခတ်နိုင်တဲ့ တာဝေး လက်နက် တမျိုးကို လက်တွေ့ ထုတ်လုပ် အသုံးပြုနိုင်စွမ်း ရှိနေပြီလို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

အဲဒီ စစ်လက်နက်ဟာ ကီလိုမီတာ ၇၀၀ လောက် အကွာအဝေးက ရန်သူ့ ပစ်မှတ်တွေကို တိုက်ခိုက် ဖျက်ဆီးနိုင်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ အဲဒီ လက်နက်ကို ယူကရိန်းရဲ့ မဟာဗျူဟာ စစ်မှုလုပ်ငန်း ဝန်ကြီးဌာနက အဓိက တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း ဇီလန်စကီးက ပြောပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။

စစ်လက်နက် အသစ်ရဲ့ ပျံသန်းရောက်နိုင်တဲ့ အကွာအဝေးဟာ ကီလိုမီတာ ၇၀၀ လောက်ထိ ဖြစ်လာကြောင်း၊ လောလောဆယ် အရေးအကြီးဆုံးက အဲဒီလို လက်နက်တွေ အရေအတွက်အရ တိုးပွားလာအောင် ကြိုးစားဖို့ဖြစ်ကြောင်း ဇီလန်စကီးက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ 

ဇီလန်စကီး ထုတ်ပြောလာတဲ့ ယူကရိန်း တာဝေးပစ် လက်နက် အသစ် ဆိုတာဟာ မကြာသေးခင်က ရုရှား အနောက်ပိုင်း ဆာကော့ဗ် ဒေသမှာ လေတပ်စခန်း တခု တိုက်ခိုက်ခံရပြီး လေယာဉ်တချို့ ပျက်စီးတဲ့ ကိစ္စနဲ့ ဆက်စပ်နေဖွယ် ရှိပါတယ်။ အဲဒီဖြစ်စဉ်အပြီး နောက်ဆက်တွဲအဖြစ် အမျိုးအမည် မသိရသေးတဲ့ စစ်လက်နက် တခုကို လေကြောင်း ကာကွယ်ရေး တပ်တွေက ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားပါတယ်။

သတင်းတွေအရ ဩဂုတ် ၃၀ က ဆာကော့ဗ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း ရုရှားရဲ့ Il-76 အမျိုးအစား စစ်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ် ၄ စီးထက်မနည်း ပျက်စီးခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ တိုက်ဆိုင်မှု တခုကတော့ ဆာကော့ဗ်ဟာ ယူကရိန်း နယ်စပ်ရဲ့ မြောက်ဖက် ကီလိုမီတာ ၇၀၀ လောက် အကွာမှာ တည်ရှိနေတာပါပဲ။

အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေဟာ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့နေတဲ့တိုင် တာဝေးပစ် လက်နက် အမျိုးအစားတွေကိုတော့ ကြီးကြီးမားမား ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ အဲဒီလက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲထိ ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်မှာမျိုးကို မလိုလားတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆာကော့ဗ်က လေတပ်စခန်းကို တိုက်ခိုက်မှုမှာ ယူကရိန်း အနေနဲ့ ပြည်တွင်းထုတ် စစ်လက်နက် အမျိုးအစား တခုခုကိုသာ သုံးစွဲခဲ့တာ ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားဟာ ယူကရိန်းမှာ လေကြောင်း စစ်ဆင်ရေးတွေ ပိုမို ဆင်နွှဲလာသလို ယူကရိန်းကလည်း အစွမ်းရှိသမျှ လက်တုံ့ပြန်နေပါတယ်။ အခု သီတင်းပတ်ထဲမှာ ရုရှားရဲ့ ဒေသ ၆ ခုမှာ ၄ နာရီအတွင်း ဒရုန်းတွေ အသုတ်လိုက် ပျံသန်းလာပြီး တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုး ကြုံခဲ့ရပါတယ်။ အဲဒီကိစ္စဟာ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့တဲ့ ကာလကစလို့ ရုရှားမှာ ကြုံခဲ့ဖူးသမျှ အကြမ်းတမ်းဆုံး ဒရုန်းစစ်ဆင်ရေးလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

 

Ref: AFP