သြဂုတ်၊ ၃၁
နိုင်ငံအတွင်းမှာ စစ်ပွဲနဲ့လက်နက်ကိုင်ပဋိပက္ခများနေတာ၊ အကြမ်းဖက်မှုတွေ အမျိုးမျိုးဆက်ရှိနေတဲ့အတွက် နိုင်ငံရေး ဆွေးနွေးမှုဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်သေးဘူးလို့ မွန်ပြည်သစ်ပါတီ (NMSP)က ထုတ်ပြန်လိုက်ပါတယ်။
၇၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ (NMSP)ထိန်းချုပ်တဲ့ မော်လမြိုင်ခရိုင်၊ သထုံခရိုင်၊ ထားဝယ်ခရိုင်နဲ့ ဗဟိုဌာနချုပ်၊ မွန်အာဇာနည်ကုန်း တွေအပါအဝင် မွန်တိုင်းရင်းသားတွေ အများစု နေထိုင်ရာ ဒေသတွေမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး မွန်ဘာသာစကားနဲ့ အခုလိုထုတ်ပြန်ထားတာပါ။
မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အခုအချိန်မှာ အာဆီယံ၊ တရုတ်နဲ့ ကမ္ဘာ့နိုင်ငံတွေ ဆောင်ရွက်နိုင်မှု မရှိသေးတဲ့အပြင် နိုင်ငံအတွင်းမှာလည်း စစ်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခများနေတာ၊ အကြမ်းဖက်မှုတွေ အမျိုးမျိုးရှိနေသေးတာတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် လက်ရှိ နိုင်ငံရေးဆွေးနွေးပွဲက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်တဲ့အတွက် လွတ်လပ်ပြီး ငြိမ်းချမ်းရေးရဖို့ အလားအလာနည်းပါးနေသေးတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ မိမိတို့အမျိုးသားရေးအတွက် အကျိုးဖြစ်ထွန်းစေဖို့နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို လိုလားတဲ့ မည်သည့်အဖွဲ့အစည်း အင်အားစုနဲ့မဆို ထိတွေ့ဆက်ဆံတာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီလမ်းစဉ်ကို စွဲကိုင်ကာ အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒတို့ကို လက်နက်ကိုင်တော်လှန်တိုက်ထုတ်သွားမှာ ဖြစ်ပြီး မွန်အမျိုးသားလွတ်မြောက်ရေးပန်းတိုင်ရောက်ရှိတဲ့အထိ ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ပေမယ့် NMSP အနေနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးက နိုင်ငံရေးနည်းလမ်းအဖြစ်လို့ ယုံကြည်လက်ခံထားပြီး ၂၀၂၂ ခုနှစ်၊ မေလမှာ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့ပေမယ့် ပါဝင်သင့်တဲ့သူတွေ မပါဝင်လို့ တွေ့ဆုံဆွေးနွေးမှုကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။
မွန်တော်လှန်ရေးနေ့ကို မြန်မာသက္ကရာဇ် ၁၃၁၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်နေ့ (၁၉၄၈ ခုနှစ်၊ဇူလိုင်လ ၂၀ ရက်)မှာ တိုင်းရင်းသားဒေသတွေနေထိုင်ရာ ဒေသတွေကို သီးခြားပြည်နယ်သတ်မှတ်ပေးဖို့၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် မွန်လူငယ်တစုက ဦးဆောင်ပြီး ကရင်ပြည်နယ်၊ ဇာသပြင်ကျေးရွာရှိ ရဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တဲ့နေ့ကို သတ်မှတ်ထားတာပါ။
အဲဒီနောက် ဆယ်နှစ်အကြာ ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှာ မွန်ပြည်သူ့တပ်ဦး (MPF)ထူထောင်ခဲ့ပြီး ပြိုကွဲခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ (NMSP) အဖြစ်ပေါ်ပေါက်လာကာ လက်အောက်ခံတပ်ဖွဲ့ကတော့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်မှာ အဲဒီတုန်းက စစ်အစိုးရနဲ့ အပစ်ရပ်သဘောတူညီခဲ့ပေမယ့် ၂၀၁ဝ ပြည့်နှစ်မှာ နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ငြင်းဆန်လို့ သဘောတူညီမှု ပျက်ပြယ်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်မှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)ကို ပြီးခဲ့တဲ့ဒီချုပ်အစိုးရလက်ထက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ မွန်တော်လှန်ရေးနေ့အခမ်းအနားမှာတော့ မွန်ပြည်နယ်နဲ့ မွန်လူမျိုးတွေအတွက် လွတ်လပ်မှုနဲ့ တန်းတူညီမျှရေးတို့ တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေကို ဂါဝရပြုတာ၊ ဘင်ခရာစစ်ရေးပြ ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့ ကျင်းပခဲ့ကြပါတယ်။
ဓာတ်ပုံ – NMSP