တောင်ကိုရီးယားကို နျူကလီးယားနဲ့ တိုက်ခိုက်ပုံမျိုး သရုပ်တူ လေ့ကျင့်ခဲ့ကြောင်း မြောက်ကိုရီးယားပြော

သြဂုတ်၊ ၃၀

တောင်ကိုရီးယားက စစ်ရေး ပစ်မှတ်တွေကို နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်တဲ့ သရုပ်တူ စစ်ရေးလေ့ကျင့်မှုမျိုး လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက အတည်ပြုခဲ့ပါတယ်။

တာတိုပစ် မဟာဗျူဟာ ဒုံးကျည် နှစ်စင်းကို အဲဒီ သရုပ်တူ လေ့ကျင့်မှုမှာ လက်တွေ့ ထည့်သွင်း ပစ်ခတ်ခဲ့တယ်လို့လည်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြပါတယ်။ ဒီလေ့ကျင့်မှုဟာ ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ အမေရိကန်ရဲ့ စွမ်းဆောင်ရည်မြင့် မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ ဖြန့်ကျက်လာတဲ့ လုပ်ရပ်အပေါ် တုံ့ပြန်လိုက်တဲ့ သတိပေးမှု တခုလို့လည်း မြောက်ကိုရီးယားက ဆိုပါတယ်။

တောင်ကိုရီးယား စစ်ဘက်ကလည်း မြောက်ကိုရီးယား ဒုံးကျည်နှစ်စင်း ပင်လယ်ထဲ ကျဆင်းသွားတာကို ထောက်လှမ်းမိခဲ့ကြောင်း ကြေညာပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး နှစ်စဉ် ပြုလုပ်လေ့ရှိတဲ့ စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကြီးတခု စတင်နေချိန်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ မြောက်ကိုရီးယား အစိုးရက သူတို့ရဲ့ ခါးသီးပြိုင်ဘက် နိုင်ငံနှစ်ခု ပူးပေါင်း အကောင်အထည် ဖော်လေ့ရှိတဲ့ အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်လေ့ ရှိသလို ရန်လိုမှုကို ထင်ဟပ်စေတဲ့ အခင်းအကျင်းမျိုးလို့ စွပ်စွဲလေ့ ရှိပါတယ်။

မြောက်ကိုရီးယား စစ်တပ်က သူတို့ရဲ့ ဩဂုတ် ၃၀ စစ်ရေး လေ့ကျင့်မှုဟာ တောင်ကိုရီးယားမှာရှိတဲ့ အဓိက စစ်ရေးဗဟို ကွပ်ကဲမှု ဌာနတွေ၊ လေယာဉ်ကွင်းတွေကို ရုတ်တရက် တိုက်ခိုက်ပြီး မြေလှန် ဖျက်ဆီးပစ်သလို ပုံစံတူ စီစဉ်ထားခဲ့တာလို့ ပြောပါတယ်။ အဲဒီ လေ့ကျင့်မှုဟာ ရန်သူတွေအတွက် ပြတ်သားတဲ့ သတင်းစကား တခုလည်း ဖြစ်စေမယ်လို့ မြောက်ကိုရီးယားက ဆိုပါတယ်။

တဖက်မှာတော့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ၁၁ ရက်ကြာ ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ဩဂုတ် ၁၂ ရက်မှာ ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ အဲဒီ လေ့ကျင့်မှုတွေအတွင်း အမေရိကန် လေတပ်ရဲ့ B-1B အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီး အနည်းဆုံး တစီးဟာ ကိုရီးယား ရေလက်ကြားကို ဖြတ်ပျံခဲ့တယ်လို့လည်း သိရပါတယ်။