ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို တရားဝင်ပို့ဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးအသစ်က အေဂျင်စီတွေကို ခေါ်ပြောပြန်

သြဂုတ်၊ ၃၀
 
ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုထံ လွှဲပို့ငွေကို ဘဏ်ကနေပဲ တရားဝင်လွှဲပို့အောင် ရှင်းလင်းပြောကြားပေးဖို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးအသစ်က မြန်မာပြည်ပအလုပ်အကိုင်ဝန်​ဆောင်မူလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEA)က တာဝန်ရှိသူတွေကို ခေါ်ယူ ပြောဆိုခဲ့တယ်လို့ အဲဒီဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
 
စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း တတိယမြောက်အလုပ်သမားဝန်ကြီး ဖြစ်လာတဲ့ ဦးမြင့်နောင်က အေဂျင်စီအဖွဲ့ချုပ်ကို မနေ့က ခေါ်ယူတွေ့ဆုံပြီး အရင်ဝန်ကြီးတွေနည်းတူ ပြည်ပရောက်လုပ်သားတွေရဲ့ လွှဲပို့ငွေကိစ္စကို အလေးထားပြောဆိုသွားတာလည်း ဖြစ်ပါတယ်။
 
“ သူတို့ အစည်းအဝေးခေါ်ပြီဆိုရင် ပြည်ပလွှဲပို့ငွေကိစ္စက အဓိကပဲ၊ အဲ့ဒါကိုပဲ အေဂျင်စီတွေကို အဆက်ဆက်ဖိအားပေးနေတာ ” လို့ အမည်မဖော်လိုတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ဒုတိယမြောက်အလုပ်သမားဝန်ကြီး ဒေါက်တာပွင့်ဆန်း ရာထူးက အနားပေးမခံရမီ ရက်ပိုင်းအလိုကလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ တွေ့ဆုံခဲ့ပြီး ပြည်ပရောက်အလုပ်သမားတွေရဲ့လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပို့ဖို့ဆိုပြီး အသိပေးခဲ့သေးတယ်လို့ အေဂျင်စီတွေက ပြောပါတယ်။
 
အခုဝန်ကြီး ဦးမြင့်နောင်ကလည်း MoU မြန်မာအလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေကိစ္စနဲ့ပတ်သက်ပြီး ငွေလွှဲအများစုကို နှစ်နိုင်ငံဘဏ်တွေကတဆင့် စနစ်တကျ စီးဆင်းစေရေး၊ နိုင်ငံစီးပွား တိုးတက်ရေးတို့အတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက မိမိတို့စေလွှတ်တဲ့ အလုပ်သမားတွေရဲ့မိသားစုထံ တရားဝင်လမ်းကြောင်းမှ ငွေလွှဲပို့နိုင်ရေး ရှင်းလင်းပြောကြား ပေးစေလိုတယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတဲ့ စစ်ကောင်စီဟာ ပြည်ပရောက်အလုပ်သမားတွေရဲ့ လွှဲပို့ငွေကို အထူးမျှော်လင့်နေပြီး နည်းမျိုးစုံ ဖိအားပေးမှုတွေ လုပ်လာပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာသေးဘူးလို့ ပြည်ပရောက်လုပ်သားတချို့က ပြောပါတယ်။
 
“ ကိုယ့်ပိုက်ဆံကိုယ် လွှဲချင်လွှဲမယ်၊ သုံးချင်သုံးမယ် သူတို့ဖိအားပေးလို့ မရဘူး၊ ဒီမှာရောက်နေတဲ့သူတော်တော်များများ သိရသလောက်ဆို စကစ မျှော်လင့်နေတဲ့ ဘဏ်ကနေ မလွှဲကြဘူး ” လို့ ဂျပန်ရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
ပြည်ပရောက် မြန်မာလုပ်သားအများစုက စစ်ကောင်စီထံ နိုင်ငံခြားငွေ မစီးဝင်စေလိုတာ၊ တရားဝင်ဘဏ်လမ်းကြောင်းက ငွေလွှဲရင် ပြင်ပပေါက်စျေးထက်နည်းတာ၊ ဘာသာစကားနဲ့ အချိန်အကန့်သတ်ရှိတာ​တွေကြောင့် တခြားအဆင်ပြေရာ နည်းလမ်းတွေနဲ့ ငွေလွှဲပို့နေကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
မြန်မာလုပ်သားတွေအနေနဲ့ ဟွန်ဒီကတဆင့် မိသားစုထံ အများဆုံးငွေလွှဲပို့နေကြတာဖြစ်ပြီး အဲဒီလုပ်ငန်းတွေက နိုင်ငံခြားငွေရလမ်းကို အတားအဆီး ဖြစ်နေတာကြောင့် ဖော်ထုတ်အရေးယူရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း ပြောဆိုထားပါတယ်။
 
လက်ရှိပြည်ပမှာ မြန်မာလုပ်သား သုံးသန်းကျော်ရှိနေပြီး နေ့စဥ်လုပ်သားထောင်နဲ့ချီ ပြည်ပ သွားရောက်လုပ်ကိုင်မှုတွေ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
ပြည်ပရောက် အလုပ်သမားတွေရဲ့ မိသားစုဆီ ပြန်လည်လွှဲပို့ငွေကို တရားဝင်လမ်းကြောင်းတွေကတဆင့် ပြန်ပို့ဖို့ ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာလည်း ကြိုးစားတာတွေ ရှိခဲ့ပေမယ့် မျှော်မှန်းထားသလောက် အောင်မြင်မှု မရခဲ့ပါဘူး။
 
NLD အစိုးရလက်ထက် မှတ်တမ်းတွေအရ ၂၀၁၆ ခုနှစ် ဧပြီကနေ ၂၀၁၈ ဇွန်လအထိ နှစ်နှစ်ကျော်အတွင်း ပြည်ပရောက်အလုပ်သမား ၁၄ သန်းခွဲက တရားဝင်လွှဲပို့ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၄၂၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီကလည်း နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားသုံးငွေ ကျပ်တည်းလာချိန်မှာ ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့ မိသားစုဆီ လွှဲပို့ငွေကနေ နိုင်ငံခြားသုံးငွေ လိုအပ်ချက်ကို အတိုင်းအတာတခုအထိ ဖြည့်ဆည်းနိုင်ဖို့ အခုလို ဖိအားပေးတာတွေ ဆက်တိုက်လုပ်လာတာပါ။
 
စစ်ကောင်စီဟာ တရားဝင်ပြည်ပသွားရောက်တဲ့ အလုပ်သမားတွေအနေနဲ့ မိသားစုဆီ လစဉ်ဝင်ငွေရဲ့ ၃၅ ရာခိုင်နှုန်း တရားဝင်ပြန်လွှဲပေးပို့နိုင်ရေး သတ်မှတ်ဖိအားပေးဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိအလုပ်သမားဝန်ကြီးအသစ် လက်ထက်မှာတော့ အဲ့ဒီလိုသတ်မှတ်ချက်ကို ဆက်လက်ဖော်ဆောင်ဖို့ ရှိ၊ မရှိ မသိရသေးပါဘူး။
 
ဓာတ်ပုံ – Google