သြဂုတ်၊ ၃၀
အာဏာသိမ်းလိုက်ပြီလို့ ဂါဘွန်စစ်တပ်က ရုပ်မြင်သံကြားကနေတဆင့် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ ယုံကြည်ထိုက်တဲ့ အခြေအနေ မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံအာဏာကို ထိန်းချုပ်လိုက်တာလို့ Gabon24 ရုပ်မြင်သံကြား ဌာနကနေတဆင့် စစ်ယူနီဖောင်းဝတ် အရာရှိ တချို့က ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းလိုက်ပြီ ဖြစ်တဲ့အတွက် လက်ရှိ အစိုးရ ဌာနအားလုံးကို ယာယီ ရပ်နားထားပြီး နယ်စပ်ကိုလည်း ပိတ်ထားမယ်လို့ အဲဒီ စစ်အရာရှိတွေက ပြောပါတယ်။ ဒီအာဏာသိမ်းမှုဟာ ဂါဘွန်မှာရှိတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်အားလုံးကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲဟာ မဲလိမ်မှု၊ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး လက်ရှိ သမ္မတ အလီဘွန်ဂိုက တတိယ သက်တမ်းအတွက် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။ နာရီပိုင်း အကြာမှာတော့ ရုပ်မြင်သံကြားပေါ်မှာ အာဏာသိမ်း စစ်သားတွေရဲ့ ကြေညာချက်ကို တွေ့ခဲ့ရတာပါပဲ။
ဂါဘွန်ပြည်သူ တရပ်လုံးအတွက် ရည်ရွယ်ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းချင်စိတ်နဲ့ လက်ရှိ အစိုးရကို အဆုံးသတ်စေခဲ့တာ ဖြစ်တယ်လို့ အာဏာသိမ်း စစ်အရာရှိတွေက ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ လက်ရှိ သမ္မတ ဘွန်ဂိုဟာ မဲအရေအတွက် ၆၄.၂၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး အဓိက အတိုက်အခံခေါင်းဆောင် အဲလ်ဘန် အွန်ဒို အိုဆာက ၃၀.၇၇ ရာခိုင်နှုန်းသာ ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အတိုက်အခံ အင်အားစုတွေကတော့ အဲဒီ ကြေညာချက်ဟာ လိမ်လည် လှည့်ဖျားမှု သက်သက်သာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီလို့ ကြေညာပြီးတဲ့နောက် ဂါဘွန်ရဲ့ ပြည်တွင်းရေး လက်ရှိ အခြေအနေတွေကို တိတိကျကျ မသိရသေးပါဘူး။ သမ္မတ ဘွန်ဂိုရဲ့ မိသားစုဟာ အာဖရိက အလယ်ပိုင်း ဒေသတွင်း နိုင်ငံအပေါ် အလွန်အကျွံ ချုပ်ကိုင်ထားတာကို တွန်းလှန် ပြောင်းလဲဖို့ အတိုက်အခံတွေက အားထုတ်လာတဲ့နောက် ရွေးကောက်ပွဲ နောက်ပိုင်းတလျှောက် ပြည်တွင်းမှာ တင်းမာမှုတွေ မြင့်မြင့်မားမား ရှိနေခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း ကြေညာပြီး မရှေးမနှောင်းမှာပဲ မြို့တော် လစ်ဘရာဗီးလ်မှာ သေနတ်သံတွေ ကြားနေရတယ်လို့ Reutersနဲ့ AFP သတင်းဌာနတွေ ဖော်ပြခဲ့ပါတယ်။
Ref: AFP