ရန်ကုန်မှာ သုံးရက်ဆက် ဖောက်ခွဲတိုက်ခိုက်မှုတွေဖြစ်

သြဂုတ်၊ ၃၀
 
ရန်ကုန်မှာ လအနည်းငယ်ကြာ တိုက်ခိုက်မှုတွေ ငြိမ်သက်နေခဲ့ပေမယ့် လတ်တလောရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်မြို့မှာ သုံးရက်ဆက် ဖောက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
 
မင်္ဂလာဒုံမြို့နယ်၊ မြောက်ဒဂုံ၊ ရွှေပေါက္ကံ၊ တောင်ဥက္ကလာပ၊ ရန်ကင်းနဲ့ အရှေ့ဒဂုံတို့မှာ ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်အထိ ညတိုင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
 
ဒီဖောက်ခွဲမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာနဲ့ မဟာမိတ်တွေက စစ်ကောင်စီရဲ့ ရဲကင်း၊ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာလို့ အသိပေးထုတ်ပြန်ထားပါတယ်။
 
မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားမြို့သစ်ရှိ အမှတ်(၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၊ မြောက်ဒဂုံမြို့နယ်က ထွေအုပ်ရုံး၊ ရွေပေါက္ကံ ရဲစခန်း၊ တောင်ဥက္ကလာ ရဲစခန်း၊ ရန်ကင်း ရဲစခန်း၊ အရှေ့ဒဂုံ ရဲစခန်း တို့ကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက အသိပေးထားပါတယ်။
 
တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့ လှုပ်ရှားမှုတခုဖြစ်တဲ့ The Unsung Heros ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ အခုလို တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုတွေကို ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာ၊ KMD 18 Hunter Unit၊ Guardians UG၊ KMD 18 Crow Squad အဖွဲ့တွေက လုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။
 
အဲ့ဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှု ရှိ၊ မရှိ အသေးစိတ်မသိရပေမယ့် ပေါက်ကွဲမှုတွေအပြီး ညအချိန်တွေမှာ စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးရှာဖွေတာတွေ လုပ်တာရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
 
တော်လှန်ရေး မပြီးဆုံးသေးတဲ့ လက်ရှိကာလမှာ ပုံမှန်ဖြစ်နေသလို နိုင်ငံတကာက ထင်အောင် နေထိုင်ပြုမူတာဟာ စစ်ကောင်စီကို ထောက်ခံအားပေးရာ ရောက်တာကြောင့် အပျော်လွန်ပွဲတွေ မကျင်းပကြဖို့ မေတ္တာရပ်ခံတယ်လို့ ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media