မုံရွာမြို့က စီးပွားရေးလုပ်ငန်းရှင်တွေဒေသပြောင်းရွှေ့အခြေချဖို့ကြိုးစားလာ

ဩဂုတ်၊ ၂၉

စစ်ကိုင်းတိုင်းရဲ့ အုပ်ချုပ်ရေးမြို့တော် မုံရွာမှာ လုယက်၊သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲမှုတွေမြင့်တက်ခဲ့တဲ့နောက် မြို့ ခံစီးပွား ရေးလုပ်ငန်းရှင်တွေဟာ မြို့ကိုစွန့်ခွာပြီး ဒေသပြောင်းရွှေ့အခြေချဖို့ ကြိုးစားတာတွေရှိလာတယ်လို့ မြို့ခံ တွေကပြောကြပါတယ်။

 “လုပ်ငန်းကြီးလုပ်နေတဲ့သူ တဝက်လောက်က မုံရွာမှာ မနေကြတော့ဘူး။ ပြင်ဦးလွင်ဘက်မှာ သွားနေကြတာ များ တယ်။ တချို့လဲ မန္တလေးဘက်ကို သွားနေကြတာများတယ်။ ဒီမှာက သူတို့အတွက် မလုံခြုံတော့ဘူး”လို့ မုံရွာမြို့ က စီးပွားရေလုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။

 မြို့ခံ စီးပွားလုပ်ငန်းရှင်တွေဟာ သူတို့ရဲ့လုပ်ငန်းတွေကို ယုံကြည်စိတ်ချရတဲ့သူနဲ့ ထားခဲ့တာ၊ မန်နေဂျာနဲ့ လွှဲခဲ့တာ တွေလည်းရှိသလို လုပ်ငန်းပြောင်းရွှေ့သွားတဲ့သူတွေလည်း ရှိတယ်လို့ဆိုပါတယ်။

 စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ မုံရွာမြို့ပေါ်မှာ ခိုးဆိုးလုနှိုက်တွေ ဓားပြတိုက်အနုကြမ်းစီးမှုတွေ ခပ်စိပ်စိပ်ဖြစ်နေသလို အခုနောက်ပိုင်းမှာတော့ လုပ်ငန်းရှင်စီးပွားရေးသမားတွေကိုပါ ပြန်ပေးဆွဲပြီး လက်နက်ပြ ဖမ်းဆီးငွေညှစ်တာတွေ လုပ်လာတယ်လို့ မြို့ခံလုပ်ငန်းရှင်တချို့ကပြောပါတယ်။

“ကျွန်တော့်ရဲ့ကုမ္ပဏီကို ဖုန်းဆက်တယ်၊ဒီမှာရှယ်ယာအများဆုံးက ဘယ်သူလဲမေးတယ်၊ပြီးတော့ တာဝန်ခံ ဘယ်သူလဲ မေးပြီး ကျွန်တော့်ဖုန်းနံပါတ်ကိုတောင်းသွားတယ်၊ရှေ့မှာလည်း ဖမ်းဆီး ပြန်ပေးဆွဲနေတာတွေ ရှိနေတော့ ဂရုစိုက်နေရ တယ်၊ဒါ့ကြောင့် အခုတလောမှာ သတိထားပြီးသွားလာနေရတယ်”လို့ နောက်ထပ် စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါ တယ်။

တိုင်းမြို့တော်ဖြစ်သလို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာမြို့လည်းဖြစ်ပေမယ့် အာဏာသိမ်း ပြီးချိန်ကစလို့ မုံရွာမှာ မှုခင်းဖြစ်ရပ်တွေမြင့်တက်ခဲ့ပါတယ်။ ဒီလို အခြေအနေ တွေဖြစ်လာတာဟာ စစ်ကောင်စီလွတ် ငြိမ်း ခွင့် တွေနဲ့အတူ ဒုစရိုက်သမားတွေအများအပြားပြန်လွှတ်လာတာနဲ့ ဆိုင်သလို တော်လှန်ရေးအဖွဲ့နာမည်ခံပြီး လက်နက် ကိုင်လာသူတချို့နဲ့လည်း ဆက်စပ်နေတယ်လို့ မြို့ခံတွေကသုံး သပ်ကြပါတယ်။

 မုံရွာမြို့ရဲ့ လက်ရှိအခြေအနေက စစ်ကောင်စီက ဒုစရိုက်သမားတွေကို လွတ်ငြိမ်းဆိုတဲ့ ခေါင်းစဥ်တပ်ပြီး ပြန် လွှတ်နေတဲ့အပေါ်မှာလည်း အများကြီးမူတည်နေတယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ကိုနေ‌မော် က သူ့အမြင်ကိုပြောပါတယ်။

“အဲ့ဒီလူတွေ(ဒုစရိုက်သမား)က တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာ ရောနှောနေထိုင်ပြီး တော်လှန်ရေး နာမည် ခံပြီး လက်နက်ကိုင်ရတဲ့အချိန်မှာ နဂိုဗီဇတွေပြန်ပေါ်လာပြီး အခုလို အဖြစ်မျိုးတွေ(ခိုးဆိုးလုနှိုက်၊ ဓားပြတိုက် အနုကြမ်းစီးမှု) ဖြစ်ပေါ်လာတာကို တွေ့ရပါတယ်၊ဘာလို့ ဒီလိုပြောနိုင်တာလဲဆိုရင် ကျွန်တော်တို့ မြို့နယ် ပအဖ၊ ပကဖ၊ပလဖ တို့ ပူးပေါင်းဖမ်းဆီးခဲ့တဲ့ ခိုးဆိုးလုနှိုက် ဓားပြတွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ အဲ့လိုလူတွေပါ လာ တာကို တွေ့ခဲ့ရတယ်”လို့ သူကပြောပါတယ်။

အခုလအတွင်းမှာပဲ မုံရွာမြို့ပေါ်မှာ လူသိများတဲ့ လုယက်သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲငွေညှစ်မှု သုံးခုထက်မ နည်း ဖြစ်ခဲ့ပါတယ်။

မုံရွာမြို့ ထန်းတောကျွန်းဆွယ်ရပ်ကွက်၊ နယ်မြေ(၄)မှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး နေအိမ်ထဲမှာပဲ လုယက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်ဟာ ထင်ရှားခဲ့ပြီး ဝေဖန်မှုတွေများခဲ့တဲ့ဖြစ်စဉ်တခုဖြစ်ပါတယ်။

 အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူဟာ မီးဖွားဖို့ ရက်ပိုင်းသာလိုတော့ချိန် ဩဂုတ် ၁၀ရက်မှာ သေနတ် သမားတွေက နေအိမ်ထဲဝင်ရောက်လုယက် ပစ်သတ်ခဲ့တာပါ။

အဲ့ဒီအမှုမှာကျူးလွန်ခဲ့သူတွေကိုတော့ မုံရွာမြို့နယ် ပ.လ.ဖ က နေ့တွင်းချင်းဖမ်းမိခဲ့ပြီး အမှုဖွင့်တရားစွဲဆိုထား တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မုံရွာမြို့ နာရီစင်အနီးမှာဖွင့်လှစ်ထားတဲ့ မျက်မှန်ဆိုင်ပိုင်ရှင်ကိုလည်း ဩဂုတ် ၅ ရက်မှာ လက်နက်ကိုင် အဖွဲ့တဖွဲ့က ပြန်ပေးဆွဲဖမ်းဆီးပြီး ကျပ်သိန်း ၇၀၀ နဲ့ ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။

 အဲဒီဖြစ်စဉ်ကျူးလွန်သူတွေကိုလည်း  မုံရွာမြို့နယ် ပ.က.ဖ နဲ့ ပ.လ.ဖ အဖွဲ့တွေက ဖမ်းမိထားပြီး NUG လက် အောက်ခံ တရားစီရင်ရေးအဖွဲ့ဆီ လွှဲပြောင်းပေးထားတယ်လို့ ဆိုထားပါတယ်။

အလားတူကုန်စုံဆိုင်ပိုင်ရှင်နှစ်ဦးနဲ့အိမ်ခြံမြေလုပ်ငန်းရှင် သုံးဦး၊ အိမ်ခြံမြေပွဲစား သုံးဦး ပြန်ပေးဆွဲခံရတဲ့ဖြစ်စဉ်တွေ လည်း အခုလအတွင်းမှာပဲ ဖြစ်ခဲ့ပါတယ်။သူတို့ကိုတော့ ဘယ်အဖွဲ့တွေက ငွေဘယ်လောက်နဲ့ ပြန်ပေးဆွဲခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။

မုံရွာမြို့ပေါ်မှာ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ ပြန်ပေးဆွဲခံရသူ ၂၀ ကျော်အထက်ရှိနေပြီဖြစ်ပြီး အများစုဟာ ကျပ် သိန်း ထောင်ဂဏန်းကျော်တွေနဲ့ ပြန်ရွေးခဲ့ရတာဖြစ်တယ်လို့ မြို့ခံတွေကပြောကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် မြို့ခံလုပ်ငန်းရှင်စီးပွားရေးသမားတွေကြား စိုးရိမ်မှုတိုးလာပြီး ပြောင်းရွှေ့စွန့်ခွာမှုတွေ ရှိလာကာ မဖြစ်မနေ လုပ်ငန်းလုပ်ကိုင်နေကြရတဲ့ လုပ်ငန်းရှင်တချို့သာ မြို့မှာဆက်လက်နေထိုင်ကြတော့ တယ် လို့ မြို့ခံလုပ်ငန်းရှင်တချို့ကပြောပါတယ်။

“ဒီလို (ခိုးဆိုးလုနှိုက်)တွေဖြစ်လာဖို့ တမင်ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီကလည်း လွှတ်ပေးလာခဲ့တာပါ၊အခုလို နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ကာလအတွင်းမှာ ကုန်စျေးနှုန်းအဆမတန် မြင့်တတ်လာမှုတွေဟာလည်း ပေါ့ပေါ့နေပေါ့ပေါ့စား တဲ့လူတွေကိုအခုလို လုပ်ရပ်မျိုးတွေလုပ်ဖို့ တွန်းအားပေးသလိုလည်း ဖြစ်လာတယ်၊ အဲဒီ တော့ ပြည်သူတွေအနေနဲ့ ဒီအ ခြေအနေတွေကို တောင့်ခံပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ မုံရွာမြို့နယ် ပြည် သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံက ပြောပါ တယ်။

 ဒုစရိုက်မှုကျူးလွန်သူတွေထဲ တော်လှန်ရေးအဖွဲ့အမည်ခံပြီး တော်လှန်ရေးကိုပုံဖျက်ဖို့ ကြိုးစားနေသူတွေ ပါလာခဲ့ ရင်လည်း စုံစမ်းဖော်ထုတ်ကာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးနိုင်ဖို့ တရားရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင် ရွက်နေတယ် လို့ သူကဆိုပါတယ်။