သြဂုတ်၊ ၂၉
စားသုံးဆီစျေးတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ကို မနေ့က စတင်ဖွဲ့စည်းလိုက်ပြီး အဲဒီအဖွဲ့အနေနဲ့ အမှန်တကယ် ရောင်း ချရမယ့်စျေးနှုန်းအတိုင်းဖြစ်စေရေးကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ် ငန်းရှင်များအသင်းကထုတ်ပြန်ထားပါတယ်။
အဲဒီလုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း စီမံခန့်ခွဲရေးကော်မတီဝင်တွေ၊ UMFCCI ကကိုယ်စားလှယ်တွေ၊ စားသုံးဆီတင်သွင်းတဲ့ကုမ္ပဏီတွေက တာဝန်ရှိသူတွေနဲ့ဖွဲ့စည်းလိုက်တာဖြစ်တယ် လို့ဆိုပါ တယ်။
“စျေးထိန်းသိမ်းကြပ်မတ်ဖို့ဦးစားပေးလုပ်မယ်ဆိုတာလောက်ပဲသိရသေးတယ်”လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းရုံးတာဝန်ရှိသူတဦးကDNAကို ပြောပါတယ်။
မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းရဲ့ထုတ်ပြန်ချက်မှာတော့ စျေးကွက်အတွင်းလွယ်လင့် တကူ ဝယ်ယူနိုင်ရေးနဲ့ စားသုံးသူဝယ်ယူရတဲ့အချိန်အထိ စျေးနှုန်းကြီးမြင့်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ် ဖို့ရည်ရွယ်ဖွဲ့ စည်းတာလို့ဖော်ပြထားပါတယ်။
ဒါ့အပြင် စားသုံးဆီလက်ကျန်ကို စျေးကွက်အတွင်းလက်ကားရည်ညွန်းစျေး အပေါ်မှာအထွေထွေကုန်ကျစရိတ် နဲ့ အသားတင်အမြတ် နှစ်ရာခိုင်နှုန်းထက်မပိုတဲ့ စျေးနဲ့ရောင်းချနိုင်ရေး၊ အဆင့်ဆင့်လက်လွှဲရောင်းချတဲ့တိုင် အ သားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက်မပိုတဲ့စျေးနဲ့ရောင်းချရေး ကြီးကြပ်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။
လက်ရှိမှာ စားသုံးဆီ လက်ကားရည်ညွန်းစျေးဟာ တပိဿာ ၄၁၅၅ကျပ်သာဖြစ်ပေမယ့် စျေးကွက်အတွင်းမှာ တပိဿာ ၉၅၀၀ ကျပ်နီးပါးနဲ့ဝယ်ယူသုံးစွဲနေကြရတာဖြစ်တယ်လို့ စားသုံးသူတွေကပြောပါတယ်။
လက်ကားရည်ညွန်းစျေးနဲ့ ဈေးကွက်ပေါက်ဈေး နှစ်ဆလောက်အထိ သိသိသာသာ ကွာဟနေတာကြောင့် ဝေဖန်မှု တွေရှိနေသလို လုပ်ငန်းရှင်အသင်းက ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးတဲ့နေရာတွေမှာလည်း လူအများအပြား တန်းစီဝယ်ယူနေကြရပါတယ်။
“ဒါတောင်ဒီရက်ထဲစျေးပြန်ကျသွားလို့၊ပြီးခဲ့တဲ့ရက်ပိုင်းကဆို ဝယ်ချင်တောင်ဝယ်မရတဲ့အနေအထားမျိုး ဖြစ်သွား သေးတယ်”လို့ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။
စားသုံးဆီစျေးဟာတပိဿာ ကျပ်တသောင်းကျော်အထိရောက်ရှိခဲ့ပြီး ဒီရက်ပိုင်းမှစျေးအနည်းငယ်ပြန်ကျလာ တာဖြစ်တယ်လို့ သုံးစွဲသူတွေကဆိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့စားသုံးဆီကို မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကနေ အဓိကတင်သွင်းနေရတာဖြစ်ပြီး နှစ်စဥ် အမေရိကန်ဒေါ်လာ သန်း ၆၀၀ကျော်ဖိုးတင်သွင်းနေရတာလို့ ထုတ်ပြန်ချက်စာရင်းတွေအရသိရပါတယ်။
လက်ရှိမှာ စားသုံးဆီလက်ကျန်ရှိနေတဲ့ ကုမ္ပဏီ ၁၆ခုရှိပြီး သူတို့အနေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ လုပ်ငန်းအဖွဲ့ရဲ့ ကြီး ကြပ်မှုအစီအစဥ်အတိုင်းရောင်းချဖို့သဘောတူညီမှုရထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းကထုတ်ပြန်ထားပါတယ်။
ပုံစာ – သက်သာတဲ့ဈေးနဲ့ဆီဝယ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းနေကြသူများ