DNA Fact Check

သြဂုတ်၊ ၂၉

 အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မြန်မာ့တော်ဝင်နဂါးတပ်တော် MRDAကို အကြမ်းဖက် အဖွဲ့အစည်း အဖြစ်ကြေညာတယ်ဆိုတဲ့ ထုတ်ပြန်ချက်တခု လတ်တလောလူမှုကွန်ရက်မှာပျံ့နှံ့နေပါတယ်။ 

NUG နဲ့ MRDA တပ်ဖွဲ့ဦးဆောင်သူ ဗိုလ်နဂါးတို့ကြား အခြေအနေတွေကို စိတ်ဝင်စားမှုမြင့်တက်နေချိန်မှာ ဒီကြေ ညာချက်ထွက်လာတာပါ။ 

အဲ့ဒီကြေညာချက်ကို Delta News Agency(DNA) Fact Check အဖွဲ့က လေ့လာကြည့်ရာမှာတော့ Ba Nyunt တယ်လီ ဂရမ် ချန်နယ်က ဩဂုတ် ၂၈ရက် ၁၀နာရီ ၂မိနစ်မှာ စတင်ဖြန့်ဝေထားပြီး Ka Ka Han၊ ဟန်ငြိမ်းဦး၊ တိုက်မောင်း၊ ရွှေဘ၊ Ko Paukk၊ တပ်ကြပ်ကြီး ဖိုးစီ၊ Ko Chit၊ Kyaw Swar၊ Kyaw Win Maung၊ MDY Image၊ ရန်ကြီးအောင်၊ နန်းငယ် စတဲ့ ချန်နယ်တွေကလည်း ဆက်လက်ဖြန့်ဝေထားတာ တွေ့ရပါတယ်။

Ba Nyunt ချန်နယ်က ရေးသားထားတဲ့ အဲ့ဒီ့ပို့စ်ကို ကြည့်ရှုသူ ၉၅၉၄ဦး၊ reaction ပြုလုပ်သူ ၃၆၉ခု၊ comment ရေးသားမှု ၂၆ခု၊ ပြန်လည်မျှဝေသူ ၁၃ ယောက်အထိရှိကာ ဆက်လက်ပျံ့နှံ့နေတာဖြစ်ပါတယ်။ 

ပျံ့နှံ့လာတဲ့ထုတ်ပြန်ချက်မှာ သတင်းထုတ်ပြန်ချက်အမှတ်၊ထုတ်ပြန်တဲ့ ရက်စွဲမပါသလို တိုက်ဆိုင်စစ်ဆေး ချက် တွေအရ ထုတ်ပြန်ချက်အတု၊သတင်းအမှားဖြစ်နေတယ်ဆိုတာအတည်ပြုနိုင်ခဲ့ပါတယ်။ 

ထုတ်ပြန်ချက်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာတော်ဝင်နဂါး တပ်မ တော် (MRDA) တပ်ဖွဲ့ဝင်တွေက ပြည်သူ့ကာ ကွယ်‌ရေးတပ်မတော်ရဲ့သစ္စာဓိဌာန် (၄)ချက်ကိုလိုက်နာမှုမရှိကြောင်း၊ NUG ကထုတ်ပြန်ထားတဲ့စည်းကမ်း ချက် တွေကို မလိုက်နာကြောင်းဖော်ပြထားပါတယ်။ 

 တော်လှန်‌ရေးပုံရိပ်ကျဆင်းအောင်နဲ့ ပြည်သူလူထု ထောက်ခံမှု အားနည်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေ တာ‌ကြောင့် ဗိုလ်နဂါးဦးဆောင်တဲ့ MRDA အဖွဲ့ကိုNUG လက်အောက်က ထုတ်ပယ်ပြီး အကြမ်းဖက်အဖွဲ့ အစည်း အဖြစ် ကြေညာတယ်လို့ဆက်လက်ဖော်ပြထားပါတယ်။

ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရက သတင်းတွေထုတ်ပြန်နေတဲ့ National Unity Government Of Myanmar ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ထုတ်ပြန်ကြေညာထားတာမရှိပါဘူး။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြော‌ရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို မေးမြန်းရာမှာလည်း “ အဲ့ဒီ့ထုတ်ပြန် ချက်က အတုပါ၊ကျွန်တော်တို့MOD(ကာကွယ်ရေးဝန်ကြီးဌာန)နဲ့ ချိတ်ဆက်ပြီးမေးပြီးသွားပြီ၊ ထုတ်ပြန်ထားတာ လည်းမရှိဘူး၊ဦးရည်မွန်လက်မှတ်ကိုသုံးပြီးတော့ စစ်အုပ်စုဘက်ကနေ တမင်သက်သက် လက်ရှိဖြစ်နေတဲ့ အခြေ အနေတွေပေါ်မှာ အသုံးချပြီး တော်လှန်ရေး အင်အားစုတွေဘက်ကို ထိုးခွဲဖို့ ကြိုးစားနေကြတာမျိုးပါပဲ” လို့ Delta News Agency ကိုဖြေကြားပါတယ်။ 

 ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေညာချက်တွေမှာ ကြေ ညာချက် အမှတ်နဲ့ ရက်စွဲတွေပါရှိတဲ့အပြင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ အမည်နဲ့ လက်မှတ် အသုံးပြုလေ့ မရှိဘဲ ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ လို့သာ အသုံးပြုထားတာကို စစ်ဆေးတွေ့ရှိ ရပါ တယ်။ 

စစ်ကောင်စီလော်ဘီအကောင့်တွေကနေ နိုင်ငံရေး၊ စီးပွားရေးအပြင် PDF တွေနဲ့ ပတ်သက်လို့သတင်းအမှားတွေ အမျိုးမျိုး ဖြန့်ဝေတတ်တာကြောင့် ပြည်သူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေကို ဖတ်ပြီး အ လွယ်တကူ မယုံကြည်ကြဖို့နဲ့ မသေချာတဲ့အကြောင်းအရာ၊ သံသယဖြစ်ဖွယ်အကြောင်းအရာတွေကို အလွယ်တ ကူ Share မပြုလုပ်ဖို့ ပြောလိုပါတယ်။ 

ပြည်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့ သတင်းဟုတ်မဟုတ် အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ် Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/ အဖွဲ့အစည်းတွေရဲ့ Chat Box ကနေ သွားရောက် မေးမြန်းတာတွေ လုပ်သင့်တယ်လို့ DNA က အကြံပြုလိုက်ပါတယ်။