သြဂုတ်၊ ၂၉
သြဂုတ်၊ ၂၉
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးရှိ မြန်မာ-တရုတ် နယ်စပ်နားမှာ သြဂုတ်လ ၂၈ ရက်က စစ်ကောင်စီတပ်နဲ့ တနေကုန်နီးပါး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရသူက DNA ကိုပြောပါတယ်။
“ နဂိုကတည်းက မူဆယ်တဝိုက်တော့ သူတို့က အမြဲတမ်း ရှိကြတယ်။ လှုပ်ရှားမှုတွေ ရှိတာပေါ့။ ဒါပေမယ့် တနေရာစီ ရှိတာပေါ့။ မနေ့ကတော့ သူတို့က အကုန်လုံးကို ပေါင်းပြီးတော့ ကျနော်တို့ ရှိတဲ့နေရာကို ထိုးစစ်ဆင်တိုက်ခိုက်တာဖြစ်တယ် ” လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
တရုတ်နယ်စပ်နဲ့ ၁ ဒဿမ ၅၄ ကီလိုမီတာသာ ကွာဝေးတဲ့ ခိုမုန်းရွာအနီးမှာ တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းသုံးခုက ရှောက်ဟော်၊ လုံထန်၊ နမ့်ခမ်းပြည်သူစစ်တွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်း ငါးကြောင်းနဲ့ TNLA ဖက်ကို ထိုးစစ်ဆင်လာတဲ့အတွက် မနက် ၈ နာရီလောက်ကနေ ညနေ ၅ နာရီလောက်အထိ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း နမ့်ဖက်ကာ (၁၂၃) တပ်ကနေ ခိုမုန်းရွာအနီးကို လက်နက်ကြီးတွေနဲ့ ရှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သလို လွယ်ကျယ်ဖက်ကနေလည်း စယ်လန့်ကျေးရွာအနီးရှိ ဘုရားတောင်ပေါ်ကို လက်နက်ကြီးတွေနဲ့ အကြိမ် နှစ်ဆယ်ထက်မနည်း ပစ်ခတ်ခဲ့လို့ ဘုန်းကြီးကျောင်း တကျောင်း မီးလောင်ပျက်စီးသွားတယ်လို့ (TNLA) တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
“ လက်နက်ကြီးအသံတွေက နေတိုင်းနီးပါး ကြားနေရတယ်။ ရွာကနေ စစ်ရှောင်နေတာမျိုးတော့ မရှိကြဘူး။ ဒါပေမယ့် ဘယ်မှတော့ မထွက်ရဲဘူးပေါ့နော်။ အလုပ်လည်း ထွက်မလုပ်ရဲဘူး။ အိမ်ထဲပဲ နေကြရတယ် ” လို့ စယ်လန့်ရွာ ဒေသခံတဦးက ဆိုပါတယ်။
တိုက်ပွဲအတွင်း TNLA တပ်ဖွဲ့တွေဖက်က ထိခိုက်ကျဆုံးမှု မရှိခဲ့သလို စစ်ကောင်စီဖက်ကတော့ အထိအခိုက်တွေ ရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောပါတယ်။
“ မနေ့ကတော့ လေကြောင်းပစ်ကူ မရှိဘူး။ တရုတ်နယ်စပ်နဲ့ နီးနေတာလည်း ဖြစ်နိုင်မယ်။ ရာသီဥတုကြောင့်လည်း ဖြစ်နိုင်တယ်။ ခါတိုင်းက အဲလောက်ဖြစ်ရင် လေကြောင်းကနေ အမြဲတမ်း လာပစ်နေတာပေါ့ ” လို့ သူကဆိုပါတယ်။
ဒါ့အပြင် မနေ့က တအာင်းပြည်နယ် တပ်မဟာ(၄) စစ်ဒေသဖြစ်တဲ့ လားရှိုးမြို့နယ်မှာလည်း စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ခဲ့သေးတယ်လို့ TNLA အဖွဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် မရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လလောက်ကစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေတဲ့အတွက် TNLA တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော် ကဆိုပါတယ်။
“ ဘာရည်ရွယ်ချက်လည်း ဆိုတာတော့ ကျနော်တို့ မသိဘူး။ ဇူလိိုင်လ ဒုတိယအပတ်လောက်ကနေ တောက်လျှောက်ဖြစ်နေတာပေါ့နော် ” လို့ သူကဆိုပါတယ်။
ဒီလ ၂၇ ရက်ကလည်း နမ့်တောင်းနဲ့ ပန်ကြုံကြားရှိ ကားလမ်းမကို ဖျက်ဆီးဖို့လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တာကို TNLA က ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါသေးတယ်။
သြဂုတ််လ ၁ ရက်ကနေ ၂၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – TNLA