လူသုံးရာကျော် သေဆုံးစေခဲ့တဲ့ ကားဗုံးခွဲမှုရဲ့ တရားခံတွေကို အီရတ်မှာ သေဒဏ် စီရင်ကွပ်မျက်

သြဂုတ်၊ ၂၉

လူ ၃၀၀ ကျော် သေကြေစေခဲ့တဲ့ အကြမ်းဖက် ဗုံးခွဲ တိုက်ခိုက်မှုရဲ့ တရားခံ ၃ ဦးကို အီရတ် အာဏာပိုင်တွေက သေဒဏ်စီရင် ကွပ်မျက်လိုက်ပါတယ်။

၂၀၁၆ တုန်းက ဘဂ္ဂဒက်မြို့တော်မှာ ဖြစ်ပွားတဲ့ ကားဗုံး ပေါက်ကွဲမှု တခုအတွင်း လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး နောက်ထပ် ရာပေါင်းအတော်များများ ဒဏ်ရာ ရခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ ၂၀၀၃ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ အနောက်မဟာမိတ်တပ်တွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း အီရတ်နိုင်ငံ သမိုင်းမှာ ကြုံဖူးသမျှ အသေအပျောက် အများဆုံး ဗုံးခွဲတိုက်ခိုက်မှု ဖြစ်လာခဲ့ပါတယ်။

အဲဒီတုန်းက အရှေ့အလယ်ပိုင်း ဒေသမှာ တန်ခိုးထွားနေဆဲဖြစ်တဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့က ဘဂ္ဂဒက် ဗုံးခွဲမှုဟာ သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။

အခုအခါ ပြစ်မှု ကျူးလွန်သူ ၃ ဦးကို ကြိုးပေး ကွပ်မျက်လိုက်တယ်ဆိုတာ အတည်ပြုပေမယ့် သူတို့ နာမည်တွေနဲ့ သူတို့ကို ဘယ်တုန်းက စီရင်ချက် ချထားခဲ့သလဲ ဆိုတာတွေကိုတော့ တိတိကျကျ ထုတ်မပြောပါဘူး။ ကွပ်မျက်မှုတွေကိုတော့ ဩဂုတ် ၂၇ နဲ့ ၂၈ ရက်တွေမှာ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

နာမည်မဖော်လိုတဲ့ အစိုးရ အရာရှိ တဦးကတော့ ဗုံးခွဲမှုရဲ့ အဓိက ကြိုးကိုင်သူ ဂါဝမ်အယ်လ် ဇော်ဘာအီဟာ အဲဒီ ကွပ်မျက်ခံရသူတွေထဲမှာ ပါဝင်တယ်လို့ AFP သတင်းဌာနဆီ အသိပေးခဲ့ပါတယ်။ ဇော်ဘာအီကို ၂၀၂၁ ခုနှစ်တုန်းက ပြည်ပ တနေရာမှာ ဖမ်းဆီးရမိလာပြီး အီရတ်နိုင်ငံဆီ လက်လွှဲ ရယူနိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ကြေညာထားပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၃ ရက် ဖြစ်စဉ်မှာ ဘဂ္ဂဒက် မြို့တော်နားက ရှီးဟိုက် မွတ်ဆလင် အများစု ထူထပ်နေရာ ကာရာဒါ ဧရိယာနားက စူပါမားကက် တခုနားမှာ ဖောက်ခွဲရေး ပစ္စည်းတွေ အပြည့်အသိပ် တင်လာတဲ့ ကားကြီးတစီးကို ဗုံးခွဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အစ္စလာမ် ဘာသာရေး အထွဋ်အမြတ် ရာမာဒန် ကာလအပြီး လူအများ ညပိုင်း အပြင်ထွက် လည်ပတ်နေချိန် ဖြစ်တာကြောင့် အသေအပျောက်က အရမ်းများပြားသွားခဲ့ပါတယ်။

ဗုံးခွဲမှုအပြီး အစိုးရရဲ့ ညံ့ဖျင်းမှုတွေနဲ့ ပတ်သက်လို့ ပြည်သူတွေဆီက ပြင်းပြင်းထန်ထန်​ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့တဲ့အတွက် အဲဒီတုန်းက ပြည်ထဲရေး ဝန်ကြီး မိုဟာမက် ဂက်ဘန်းပါ ရာထူးကနေ နုတ်ထွက်ခဲ့ရပါတယ်။

ဆွန်နီမွတ်ဆလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့တခုဖြစ်တဲ့ အိုင်အက်စ်ဟာ အင်အား အတောင့်တင်းဆုံး ကာလမှာ အီရတ် အရှေ့ပိုင်းနဲ့ ဆီးရီးယား အနောက်ပိုင်း ဒေသက နယ်မြေ ဧရိယာ စုစုပေါင်း စတုရန်း ကီလိုမီတာ ၈၈၀၀၀ လောက်ထိကို သိမ်းပိုက်ထားခဲ့ပြီး ကိုယ်ပိုင် အစ္စလာမ်မစ် နိုင်ငံတခု ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ကာလတွေအတွင်း အိုင်အက်စ် လက်အောက်ခံ ဒေသတွေက ပြည်သူ ၈ သန်းကျော်ဟာ အကြမ်းကြုတ် အရက်စက်ဆုံး အနိုင်အထက် အုပ်ချုပ်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အိုင်အက်စ်ဟာ အခုအခါမှာ ပြိုကွဲပြီး အင်အား ယုတ်လျော့နေပြီ ဖြစ်တဲ့တိုင် ဆီးရီးယားနဲ့ အီရတ်မှာ အိုင်အက်စ် လက်ကျန် အဆွယ်အပွား စစ်သွေးကြွတွေ ထောင်နဲ့ချီ ရှိနေဆဲလို့ ယုံကြည်ရပါတယ်။

 

Ref: Al Jazeera