မဲဆွယ်တဲ့အခါ သူ့Rapသီချင်းတွေ မဆိုဖို့ သမ္မတလောင်းနေရာ ယှဉ်ပြိုင်သူ တဦးကို အမ်မီနမ် တားမြစ်

သြဂုတ်၊ ၂၈

ကမ္ဘာကျော် အမေရိကန် Rapဂီတ အဆိုတော် အမ်မီနမ်က အမေရိကန် သမ္မတလောင်းအဖြစ် အရွေးခံမယ့်သူ တဦးကို သူ့သီချင်း Rapတွေရွတ်ပြီး မဲဆွယ် စည်းရုံးတာတွေ မလုပ်ဖို့ တားမြစ်လိုက်ပါတယ်။

အမ်မီနမ်ရဲ့ ရှေ့နေတွေက အဆိုတော်ရဲ့ ညွှန်ကြားချက်အတိုင်း အသက် ၃၈ နှစ်အရွယ် ဗီဗက်ခ် ရာမက်စ်ဝါမီဆီကို အကြောင်းကြားစာတစောင် ပေးပို့ထားခဲ့ပါတယ်။ ရာမက်စ်ဝါမီဆီဟာ လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာမှာ ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားပါတယ်။

သူဟာ အိုင်အိုဝါပြည်နယ်က ပွဲတခုမှာ ထောက်ခံသူတွေနဲ့ တွေ့ဆုံတဲ့အချိန် အမ်မီနမ်ရဲ့ Lose Yourself သီချင်းထဲက Rap စာသားတွေကို သီဆိုသွားခဲ့ပါတယ်။ နောက်ထပ် တပတ်အကြာ ဩဂုတ် ၂၃ ရက်မှာတော့ အမ်မီနမ်ရဲ့ ကုမ္ပဏီဖြစ်တဲ့ BMIက ရှေ့နေတွေကတဆင့် အဲဒီကိစ္စကို ကန့်ကွက်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ရာမက်စ်ဝါမီဆီရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကတော့ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် ပုဂ္ဂိုလ်ဟာ အမ်မီနမ်ရဲ့ တောင်းဆိုမှုကို လေးစားလိုက်နာသွားမယ်လို့ ပြောပါတယ်။ ရာမက်စ်ဝါမီဆီဟာ ၂၀၂၄ ရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်ကို ကျော်ပြီး ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း ဖြစ်လာဖို့ ရည်မှန်းချက် ကြီးကြီးနဲ့ ကြိုးစားနေပါတယ်။

ဇီဝသိပ္ပံ နည်းပညာ ကုမ္ပဏီ တခုရဲ့ ဦးဆောင် အရာရှိလည်းဖြစ်တဲ့ ရာမက်စ်ဝါမီဆီဟာ အမေရိကန် နိုင်ငံရေး လောကရဲ့ တက်သစ်စ ကြယ်တပွင့်အဖြစ် ရည်ညွှန်း ခံထားရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်း စကားစစ်ထိုးပွဲတွေမှာလည်း သူဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသခဲ့ပါတယ်။

သူက သမ္မတဟောင်း တဦးဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီကို ကိုယ်စားပြုဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ထရမ့်ရဲ့ အမေရိကန်သာ ပဓာနဆိုတဲ့ မူဝါဒမျိုးနဲ့ ခပ်ကင်းကင်း နေချင်သူလို့လည်း ကိုယ့်ကိုယ်ကိုယ် ရည်ညွှန်းထားပါတယ်။

အမေရိကန် နိုင်ငံရေး နယ်ပယ်မှာတော့ မဲဆွယ်ပွဲတွေမှာ ဖွင့်တဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး အဆိုတော်တွေက မကျေနပ်လို့ စာပို့ တားမြစ်တဲ့ ကိစ္စတွေဟာ သာမန် အခြေအနေလိုတောင် ဖြစ်နေပါပြီ။ ထရမ့်ဆိုရင်လည်း Rolling Stones၊ Queen၊ အဒဲလ်၊ ဖာရဲလ်ဝီလျံစ်စတဲ့ အဆိုတော်တွေနဲ့ ဂီတအဖွဲ့တွေဆီကနေ သူတို့သီချင်းတွေကို မသုံးဖို့ သတိပေး တားမြစ်တဲ့ စာတွေကို ဒါဇင်နဲ့ချီ လက်ခံရရှိခဲ့ဖူးပါတယ်။  

 

Ref: CNN