ပေါင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရ

ဩဂုတ်၊ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူးဟာ ဒီကနေ့ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အိမ်ပြန်လာတာ၊တယောက်တည်းပဲ၊ကားလမ်းပေါ်မှာ ဆိုင်ကယ်နဲ့ပဲ လူငယ်နှစ်ယောက်ကလည်း ဆိုင်ကယ်နဲ့ပဲ နောက်ကနေ ပစ်သွားတာတော့ အချက်အများကြီးပဲ” လို့ သဗြုချောင်ကျေးရွာဒေသခံတဦးက DNA ကို ပြောပါ တယ်။

ပေါင်မြို့နယ် သဗြုချောင်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း(ခေါ်)အတူးဟာဒီကနေ့ ညနေလေးနာရီဝန်းကျင်မှာ အပြင်ကနေ နေအိမ်ကို ပြန်လာချိန် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အမည်မသိလူငယ် နှစ်ဦးကသေနတ်နဲ့ ပစ်ခတ်သွားတာလို့ဆိုပါတယ်။

ပစ်ခတ်ခံရမှုကြောင့် နိုင်ငွေထွန်းဟာ ပေါင်နဲ့ ဝမ်းဗိုက်တွေမှာ ကျည်ဖောက်ထွင်းဒဏ်ရာ သုံးချက်ရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။

“ရွာသားတွေပဲ ပေါင်ဆေးရုံကို ပို့လိုက်တယ်၊ ဒဏ်ရာက စိုးရိမ်ရတယ်၊ အသက်လုနေရတယ်၊ သတိတော့ ရပါ တယ်၊ချက်ကောင်းကို ထိထားတော့လေ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့တယ်ဆိုတာထုတ်ပြန်ထားတာမရှိသေးသလို ပေါင်မြို့နယ်အတွင်း လှုပ်ရှား နေတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကို DNA က ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရသေးပါဘူး။

 “ဘယ်လိုပြောရမလဲ၊ အုပ်ကြီးက ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ သွားလာတာတော့ ရှိတယ်၊ တချို့ပြောတော့ သူ က ဒလန်လုပ် နေတာတဲ့၊ ကျွန်တော်တို့တော့ အဲဒီလိုမျိုးတော့ မကြားဘူး၊ စစ်တပ်၊ ရဲတို့နဲ့ အလုပ်သဘောအရ သွားလာတာတော့ ရှိပါတယ်” လို့ သဗြုချောင်ကျေးရွာဒေသခံကပြောပါတယ်။

ပေါင်မြို့နယ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲ၊ ပြည်သူ့စစ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင်တွေ မကြာ ခဏ ပစ်ခတ်ခံရလေ့ရှိပါတယ်။ဒါ့အပြင်ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေလည်း ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခံရ တာတွေ မကြာမကြာ ဖြစ်လေ့ရှိပါတယ်။

ပေါင်မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးကိုလည်း မနေ့ကညနေပိုင်းမှာဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက် ခိုက် မှုကို သထုံခရိုင် တပ်မဟာ ၁ ၊ တပ်ရင်း (၂) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ၊ S.O.F ပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။