သြဂုတ်၊ ၂၈
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တီမောနိုင်ငံရဲ့ ရပ်တည်ချက်ကို အထူးလေးစားရသလို နိုင်ငံတကာ အသိုင်းအဝိုင်းက အစိုးရတွေအနေနဲ့ တီမောနိုင်ငံလိုပဲ မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ရေးအတွက် ကူညီပံ့ပိုးပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက တီမောလက်စတေးနိုင်ငံ သံရုံးတာဝန်ခံနဲ့ သံဝန်ထမ်းတွေကို စစ်ကောင်စီက ပြန်လည်နှင်ထုတ်လိုက်တဲ့အပေါ် NUG က အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက တီမောနိုင်ငံအနေနဲ့ မြန်မာပြည် ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်တာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့ဆက်ဆံတာတွေ ရှိတာကြောင့်လို့ဆိုကာ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက် နောက်ဆုံးထားပြန်လည်ထွက်ခွာကြဖို့ နှင်ထုတ်ခဲ့ပါတယ်။
ဒီလိုနှင်ထုတ်တဲ့လုပ်ရပ်ဟာ မလျော်ကန်တဲ့ ဥပဒေမဲ့ ပြုကျင့်မှုသာ ဖြစ်တယ်လို့ NUG က ဝေဖန်ထားပါတယ်။ နိုင်ငံ့အာဏာကို ဥပဒေပြင်ပကနေ လက်နက်အားကိုးနဲ့ အဓမ္မရယူထားတဲ့ တရားမဝင် အဖွဲ့အစည်းအနေနဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ကိစ္စတွေအပေါ် ဆုံးဖြတ်ဆောင်ရွက်ခွင့်မရှိဘူးလို့ NUG က ဆိုပါတယ်။
တီမောနိုင်ငံဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်မှာ ပြုလုပ်တဲ့ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတက်ရောက်စေခဲ့ပါတယ်။
အဲ့ဒီလို ဖိတ်ကြားတဲ့အပေါ် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက တီမောသံရုံး တာဝန်ခံကို ဆင့်ခေါ်သတိပေး ကန့်ကွက်ပြောဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် တီမောသမ္မတ ရာမို့စ်ဟော်တာက အခုလ ၂၃ ရက်ကလည်း NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ တီမောနိုင်ငံမှာ ထပ်မံတွေ့ဆုံခဲ့ကြပါသေးတယ်။
စစ်ကောင်စီက သံရုံးဝန်ထမ်းတွေကို နှင်ထုတ်တဲ့အပေါ်မှာလည်း တီမောသမ္မတက သူတို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့ ဂုဏ်ယူတယ်လို့ နိုင်ငံတကာ သတင်းဌာနတခုကို ပြောကြားခဲ့ပါတယ်။
တီမောနိုင်ငံ လွတ်လပ်ရေးအတွက် တော်လှန်ရေးခေါင်းဆောင်တွေအဖြစ် ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြဖူးတဲ့ လက်ရှိ တီမောသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ မြန်မာ အာဏာသိမ်းစစ်တပ်ကို ဝေဖန်ပြောဆိုလေ့ ရှိသလို NUG နဲ့လည်း ဆက်ဆံရေးကောင်း ရှိနေတာပါ။
တီမောလက်စတေးနိုင်ငံရဲ့ မိတ်ဆွေကောင်းအဖြစ် ခိုင်မာမြဲမြံတဲ့ ရပ်တည်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ မြန်မာပြည်သူတွေက အမြဲအမှတ်ရနေမှာဖြစ်သလို အများစံနမူနာ ထားသင့်တဲ့ ရပ်တည်ချက်လည်း ဖြစ်တယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်းအထိ နိုင်ငံတကာ သံရုံးတွေ ပြည်တွင်းမှာ ဆက်လက်တည်ရှိနေမှုဟာ သူတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုနေတဲ့ သဘောဖြစ်ကြောင်း အစဉ်အမြဲ ပြောဆိုလေ့ရှိပါတယ်။
သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရပ်တည်ချက်အပေါ် တုံ့ပြန်ဝေဖန်တာမျိုးတွေ ရှိပေမယ့် အခုလို သံရုံးတာဝန်ခံနဲ့ ဝန်ထမ်းတွေကို နှင်ထုတ်တာကတော့ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သလို စစ်အစိုးရတွေ ဆယ်စုနှစ်များစွာ စိုးမိုးခဲ့တဲ့ မြန်မာနိုင်ငံသမိုင်းမှာလည်း ရှားရှားပါးပါး သံတမန်ဆက်ဆံရေး လုပ်ရပ်တခု ဖြစ်ပါတယ်။
ဓာတ်ပုံ – တီမောသမ္မတ FB
ပုံစာ – တီမောနိုင်ငံသမ္မတ ရာမို့စ်ဟော်တာနဲ့ ဝန်ကြီးချုပ် ရှောင်နာနာဂတ်စမိုတို့ကို အတူတွေ့ရစဉ်။