ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် အရပ်သားတဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

သြဂုတ်၊ ၂၈
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) စစ်ကောင်စီတပ်က သြဂုတ် ၂၇ ရက်၊ ညနေပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးသုံးဦး အပါအဝင် လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါမြို့ဒေသခံတွေဆီက သိရပါတယ်။
 
” ဖိပစ်နေတာ။ သေကြတယ်နော။ မနေ့က စိန်ဒူးက တယောက်သေတယ်။ ဒဏ်ရာရတဲ့ မိန်းမနှစ်ယောက်ကတော့ ဘယ်လိုနေရာကို မှန်တယ်တော့ မသိဘူး ” လို့ ဂန့်ဂေါမြို့ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဂန့်ဂေါမြို့၊ စိန်ဒူးရွာက အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ ရှုံးရှီရွာ တွေဖက်ကအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးလည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
 
စိန်ဒူးရွာက ဒဏ်ရာရရှိသူ အမျိုးသမီးနှစ်ဦးရဲ့အခြေအနေကို သိရှိရခြင်း မရှိပေမယ့် ဂန့်ဂေါအနောက်ဖက် ရှုံးရှီုရွာဖက်မှာ ဒဏ်ရာရသူနှစ်ဦးကတော့ စိုးရိမ်စရာမရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။
 
ဂန့်ဂေါမြို့ပေါ်က စစ်ကောင်စီတပ်ဟာ မြို့အနီးဝန်းကျင်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ စစ်ကြောင်းထိုးတာတွေ မကြာမကြာပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့မှာလည်း အဲဒီစစ်ကြောင်းဟာ ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာကြားက စွယ်တော်ရှင်မြောက်ကျောင်းနားမှာ ညအိပ်စခန်းချ နေရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
 
” ဂန့်ဂေါမြို့နဲ့ အနီးဆုံးရွာတွေက အခံရဆုံးပါ။ ရှုံးရီတို့၊ ဇဟောတို့၊ စိန်ဒူးတို့ တော်တော်ခံရတယ်။ ခဏခဏပြေးရတယ်။ သေလည်း သေကြတယ် ” လို့ နောက်ထပ် ဂန့်ဂေါဒေသခံတဦးက ပြောပါတယ်။
 
စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်အထိ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့က ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူပေါင်း ၄,၀၀၇ ဦး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP)က ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ