တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့ ရန်လိုမှုတွေကို တုံ့ပြန် စိန်ခေါ်ဖို့ လိုလာပြီလို့ အမေရိကန်ရေတပ်ပြော

သြဂုတ်၊ ၂၈

တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်ရေတပ်ရဲ့ ရန်လိုတဲ့ အပြုအမူတွေကို ထိထိရောက်ရောက် တုံ့ပြန် စိန်ခေါ်ဖို့ လိုနေပြီလို့ အမေရိကန် ရေတပ်က ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က တောင်တရုတ် ပင်လယ်ထဲက ကမ်းလွန် စစ်အခြေစိုက် စခန်းဆီ ရိက္ခာနဲ့ စစ်သည်တွေ သွားရောက် ပို့ဆောင်တဲ့ ဖိလစ်ပိုင် ရေယာဉ် တစီးကို တရုတ် ကမ်းခြေစောင့် သင်္ဘောက မီးသတ်ပိုက်တွေနဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့ပါတယ်။ စစ်သင်္ဘောဟောင်း တခုကို သောင်တင်စေပြီး ဖိလစ်ပိုင်ရဲ့ စစ်အခြေစိုက် စခန်းအဖြစ် ထားရှိရာ ရေပြင်ဧရိယာဟာ တရုတ်နဲ့ ရေပိုင်နက် အငြင်းပွားမှုတွေ ရှိနေတဲ့ နယ်မြေလည်း ဖြစ်ပါတယ်။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံးကို ပိုင်နက်အဖြစ် သိမ်းသွင်းထားလိုတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပြဿနာတွေ ရှိနေပါတယ်။ အမေရိကန်ကတော့ တရုတ်ရဲ့ ရေပိုင်နက် ကြီးစိုးလိုမှုကို အသိအမှတ် မပြုဘဲ တောင်တရုတ် ပင်လယ်ထဲမှာ စစ်လေယာဉ်တွေ၊ ရေယာဉ်တွေကို ပုံမှန် ကင်းလှည့်စေတဲ့အတွက် တရုတ်ရဲ့ မကြာခဏ ကန့်ကွက်တာမျိုးကိုလည်း ကြုံနေရပါတယ်။

ဩဂုတ် ၅ ရက်မှာ ဖိလစ်ပိုင် ရေယာဉ်ကို မီးသတ်ပိုက်နဲ့ အထိုးခံရတဲ့ ဖြစ်စဉ် အပြီးမှာတော့ အမေရိကန် အမှတ် ၇ ရေတပ်မရဲ့ ဒုတိယ သေနာပတိ ကားလ်သွမ်ဆန်က အမေရိကန်ဟာ ဒေသတွင်းမှာ ကြုံနေရတဲ့ စိန်ခေါ်မှုတွေအတွက် ဖိလစ်ပိုင်ဆီက ဝန်ထုပ်ဝန်ပိုး မျှယူပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးတော့ သူ့ရဲ့ အမှတ် ၇ ရေတပ်မဟာ တောင်တရုတ် ပင်လယ်နားမှာ ဖြန့်ကျက်ထားတာကလည်း အကြောင်းမဲ့သက်သက် မဟုတ်ဘူးလို့ သွမ်ဆန်က ဆိုပါတယ်။ ဂျပန်မှာ ဌာနချုပ် ဖွင့်လှစ်ထားတဲ့ ရေတပ်မကြီးမှာ သင်္ဘောပေါင်း ၇၀ ကျော်၊ လေယာဉ် အစီး ၁၅၀ ကျော်နဲ့ ရေတပ်သား ၂၇၀၀၀ ကျော် စုစည်းပါဝင်နေပြီး အမေရိကန်ရဲ့ နိုင်ငံရပ်ခြား ပို့ဆောင်ထားတဲ့ အကြီးဆုံး ရေတပ်ဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

သောမတ်စ်က တရုတ်ကို တိုက်ရိုက် နာမည် မတပ်ပေမယ့် တချို့သူတွေဟာ လျှော့ပေးထားတဲ့ အခြေအနေမှာ တဆင့်ချင်းစီ ရှေ့တိုးပြီး အကဲစမ်းလာတတ်ကြောင်း၊ သူတို့ဖက်က တွန်းအားပေးလာရင် ကိုယ့်ဖက်ကလည်း တွန်းအားပြန်ပေးဖို့ လိုကြောင်း၊ သက်ဆိုင်ရာ ရေပြင်မှာ ကင်းလှည့် ခုတ်မောင်းမှုတွေကို ပုံမှန်လုပ်ဖို့ လိုကြောင်း၊ ဩဂုတ် ၅ ရက်တုန်းက ဖြစ်စဉ်ထက် ပိုပြီး သိသာတဲ့ ရန်လိုမှုမျိုး ဥပမာ ပေးစရာတောင် မရှိတော့ကြောင်း ဝေဖန် ပြောကြားသွားပါတယ်။

သောမတ်စ်က ဖိလစ်ပိုင်ရဲ့ အနောက်ဖက် ရေတပ်မ အကြီးအကဲဖြစ်ပြီး တောင်တရုတ်ပင်လယ် စစ်ရေးလှုပ်ရှားမှုတွေကို ဦးဆောင်နေသူ ဒုတိယ သေနာပတိ အယ်လ်ဘာတို ကားလို့စ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီး ဖိလစ်ပိုင် ကြုံနေရတဲ့ စိန်ခေါ်မှုတွေရဲ့ သဘော သဘာဝကို ပိုမို နားလည်အောင် မေးမြန်းခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။ အမေရိကန်ဟာ ဖိလစ်ပိုင် ရေတပ် ကြုံနေတဲ့ အခက်အခဲတွေကို ထဲထဲဝင်ဝင် သဘောပေါက်မှသာ ထိရောက်တဲ့ အကူအညီမျိုး ပေးနိုင်မှာ ဖြစ်တယ်လို့ သောမတ်စ်က မှတ်ချက် ပေးခဲ့ပါတယ်။

တရုတ်မှာ ရှီကျင့်ဖျင် သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း ရှေးဟောင်း တရုတ်မင်းဆက်တွေ လက်ထက်ကလိုပဲ တောင်တရုတ် ပင်လယ်ဆိုတာ တရုတ်ပိုင်နက်အဖြစ် သတ်မှတ်ဖို့ အပတ်တကုတ် အားထုတ် ကြိုးစားလာခဲ့ပါတယ်။ ပြီးတော့ တောင်တရုတ် ပင်လယ်ထဲက သန္တာကျောက်တန်းတွေ၊ သဲသောင်ခုံတွေပေါ်မှာ တရုတ်ရဲ့ စစ်စခန်းတွေ တည်ဆောက်ခြင်းကြောင့်လည်း ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားစတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ အချင်းများမှုတွေ ဖြစ်ပေါ်နေပါတယ်။  

 

Ref: CNA