Wagner ခေါင်းဆောင် သေဆုံးကြောင်း ရုရှားက DNA စစ်ချက် ရလဒ်နဲ့ အတည်ပြု

သြဂုတ်၊ ၂၈

Wagner ကြေးစားတပ်ရဲ့ ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂိုဇင် သေဆုံးသွားပြီ ဆိုတာကို DNA စစ်ဆေးမှု ရလဒ်တွေအရ တရားဝင် အတည်ပြုနိုင်ကြောင်း ရုရှားက ထုတ်ပြန်ခဲ့ပါတယ်။

ဩဂုတ် ၂၃ ရက်က မော်စကို အနောက်မြောက်ပိုင်းမှာ စင်းလုံးငှား လေယာဉ် ပျက်ကျရာက လိုက်ပါသွားသူ အားလုံး သေဆုံးခဲ့ပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ ပရီဂိုဇင် အပါအဝင် ၁၀ ဦး ပါရှိခဲ့ကြောင်း စာရင်းတွေအရ သိရှိရပေမယ့် ရုပ်အလောင်းတွေရဲ့ DNA စစ်ချက်တွေကို မယူရသေးခင်မှာ ဘယ်သူတွေ သေဆုံးတယ် ဆိုတာကို အတည်ပြုဖို့ ရုရှား အာဏာပိုင်တွေက ငြင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ လေယာဉ် ပျက်ကျမှုအပြီး ၃ ရက်ကျော်အကြာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ရုရှားရဲ့ စုံစမ်းစစ်ဆေးရေး ဗျူရိုက လေယာဉ်ပျက် နေရာက စုဆောင်းရရှိထားတဲ့ DNA နမူနာတွေဟာ စာရင်းမှာ ပါသွားသူ အားလုံးနဲ့ ကိုက်ညီတာကြောင့် ပရီဂိုဇင် သေဆုံးသွားတယ် ဆိုတာကို အတည်ပြုနိုင်ကြောင်း ကြေညာခဲ့ပါတယ်။

ပရီဂိုဇင်ဟာ ဇူလိုင် ၂၃ ရက်က ရုရှားမှာ ပုန်ကန်မှု တခုကို ဦးဆောင်ခဲ့ပြီး သူ့ရဲ့ Wagner တပ်တွေကို မော်စကို မြို့တော်ထိ ဦးတည် ချီတက်စေခဲ့တာကြောင့် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဲဒီ ပုန်ကန်မှုဟာ ၂၄ နာရီ အကြာမှာ အဆုံးသတ်ခဲ့ပေမယ့် သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုရှား အစိုးရကိုတော့ အကြီးအကျယ် သိက္ခာကျစေခဲ့ပါတယ်။

ဒါကြောင့်လည်း ပရီဂိုဇင် သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ဘဲ ရုရှား အစိုးရက လုပ်ကြံလိုက်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ထင်ကြေးတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ကရင်မလင် နန်းတော်ကတော့ အဲဒီ ခန့်မှန်းချက်တွေဟာ မုသား သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

အသက် ၆၂ နှစ်အရွယ် ပရီဂိုဇင်ဟာ အရင်က ပူတင်ရဲ့ အမာခံ မဟာမိတ်ဟောင်းတဦး ဖြစ်ခဲ့သလို Wagnerတပ်တွေကလည်း ယူကရိန်း စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဆင်ရေးတွေအတွင်း ရုရှား စစ်ဦးစီးတွေရဲ့ အရည်အသွေးပိုင်းကိုရော၊ ပူတင်ရဲ့ ယူကရိန်း စစ်ပွဲ ရည်ရွယ်ချက်တွေ အပေါ်မှာပါ ပရီဂိုဇင်က ဝေဖန် မေးခွန်းထုတ်ခဲ့တဲ့နောက် သူနဲ့ ကရင်မလင်ကြား ဆက်ဆံရေးတွေက အေးခဲ ပျက်စီးလာခဲ့တာ ဖြစ်ပါတယ်။

 

Ref: AFP