သြဂုတ်၊ ၂၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်ထဲက ဖားကန့်-ကာမိုင်း လမ်းပိုင်းကို တိုက်ပွဲကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပိတ်ဆို့ထားတဲ့အတွက် အခြေခံစားသောက်ကုန်ဈေးနုန်းတွေ မြင့်တတ်နေတယ်လို့ ဖားကန့်မြို့က ဒေသခံတွေက DNA ကိုပြောပါတယ်။
“ အဲဒီလမ်းပိုင်းကို အခုလ ၂၂ ရက်က စပိတ်လိုက်တာ။ ဩဂုတ် ၂၅ ရက်ကစပြီး ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဈေးတွေ တက်ပြီဆိုမှတော့ အကုန်အခက်အခဲရှိလာတာပေါ့ ” လို့ ဖားကန့်ဒေသခံတဦးက ဆိုပါတယ်။
လက်ရှိ ဖားကန့်မြို့နယ်မှာ ခရမ်းချဉ်သီး တပိသာကို ကျပ်နစ်သောင်းအထိ ဈေးတွေအဆမတန် မြင့်တက်နေသလို ကြက်ဥတလုံး ငါးရာကျပ် ဖြစ်နေပြီး လိုသလောက်ဝယ်လို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သားငါးစျေးနှုန်းတွေလည်း မြင့်တတ်နေပြီး ငါးတပိဿာကို နှစ်သောင်းကျပ်၊ အမဲသားတပိသာ နှစ်သောင်းကျော်၊ ဝက်သားတပိသာ သုံးသောင်းကျပ်၊ ကြက်သားတပိသာ (အိမ်ကြက်) နှစ်သောင်းကျပ်အထိ စျေးနှုန်းတွေ မြင့်တက်နေသလို အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တအိတ် (ဆန်ပျော့ ၂၄ ပြည်) မှာ ၁၃၅,ဝဝဝကျပ်၊ ပေါ်ဆန်မွှေး တစ်အိတ်၁၈၀, ၀၀၀ ကျပ် ရှိနေပြီလို့ သိရပါတယ်။
လတ်တလော ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် စက်သုံးဆီဈေးနှုန်းတွေလည်း ထပ်မံမြင့်တက်နေသလို ဓာတ်ဆီ တလီတာကို ငွေကျပ် လေးထောင်ကျော်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။
“ ဖားကန့်မြို့နယ်ရဲ့ လက်ရှိအခြေနေကို သုံးသပ်ရမယ်ဆိုရင် တိုက်ပွဲဆိုတာ ဟန်ပြလောက်ပဲ ရှိနေတာပါ။ ဒါကို လမ်းကြောပိတ်လောက်အောင် ဖြစ်လာတာတော့ အံ့ဩမိတယ်။ တိုက်မှာဆိုလည်း တိုက်ကြပေါ့။ မတိုက်ဖူးဆိုလည်း လမ်းကိုပိတ်မထားကြနဲ့လေ။ ဒေသခံတွေက အကုန်အခက်အခဲတွေ ဖြစ်နေကြပြီ ” လို့ နောက်ထပ်ဒေသခံတဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ အခု ဩဂုတ်လဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်က ဖားကန့်မြို့နယ်ထဲက နမ့်မှော်-တာမခန်သွား ကားလမ်းပေါ်ရှိ ကသိုင်းတောင်ပေါ်က စစ်ကောင်စီရဲ့တပ်စခန်းကို KIA တပ်မဟာ(၉) လက်အောက်ခံ တပ်ရင်း(၂၆)နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြားရရှိခဲ့သလို တပ်သားတချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲမှာ ဩဂုတ် ၂၂ ရက်က ကာမိုင်းမြို့ဘက်ကနေ ဖားကန့်မြို့နယ်ဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ကို ကျောက်ထုကျေးရွာ အနီးမှာ စောင့်ကြိုတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ နန့်ယားကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ရရှိပါတယ်။
အဲဒီ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖားကန့်-ကာမိုင်း လမ်းပိုင်းကို KIA ဘက်က ပိတ်ဆို့ထားတာကြောင့် ခရီးသွားအများအပြား ပိတ်မိနေခဲ့ပြီး ဩဂုတ် ၂၅ ရက်မှာတော့ လမ်းပိုင်းကို ခေတ္တပြန်ဖွင့်ပေးခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ညပိုင်းက အင်အားတရာကျော်ရှိတဲ့ တပ်မ(၃၃) လက်အောက်ခံ ခမရ(၁၂) စစ်ကြောင်းက ဖားကန့်-ကာမိုင်း လမ်းပိုင်းပေါ်ရှိ နန့်ယားကျေးရွာက ဒေသခံ နှစ်ဆယ်ခန့်ကို ရိက္ခာနဲ့လက်နက်ခဲယမ်းတွေ သယ်ဆောင်ဖို့ တောင်းခဲ့ပါတယ်။
အဲဒီလို တောင်းခံရာက မရရှိခဲ့တာကြောင့် ခရစ်ယာန်ဘာသာရေးဆရာ တဦး အပါအဝင် ဒေသခံအရပ်သား သုံးဆယ်ကျော်ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးပါဘူး။
ဓာတ်ပုံ – KNG