တပတ်တာအတွင်း ရွှေဈေးနှုန်းနဲ့ ငွေလဲနှုန်း စုစည်းချက်

သြဂုတ်၊ ၂၇
 
စစ်ကောင်စီက နှစ်သောင်းတန် ငွေစက္ကူသစ် ထုတ်ဝေမယ်လို့ ဇူလိုင်လ ၂၃ ရက်မှာ ကြေငြာပြီးတဲ့နောက် ပြည်တွင်းရွှေဈေးနှုန်းဟာ နေ့စဉ်ဆိုသလို မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်မှာတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို သိန်းလေးဆယ်နီးပါးအထိ ဈေးမြင့်တက်ခဲ့ပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်၊ တနင်္လာနေ့မှာတော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃,၉၂၀,၀၀၀ နဲ့ ဈေးဖွင့်ခဲ့ပေမယ့် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်ခဲ့တယ်လို့ ရွှေကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။
 
ဒါ့အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်းတွေကတော့ အမေရိကန် တဒေါ်လာကို ၃,၅၈၉ ကျပ်၊ တယူရိုကို ၃,၈၆၅ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၂,၄၆၅ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁ဝဝ ဒဿမ ၅၀ အထိ ပေါက်ဈေး ရှိခဲ့တာပါ။
 
ဒါပေမယ့် သြဂုတ် ၂၂ ရက်၊ အင်္ဂါနေ့မှာတော့ ၃,၆၈၀,၀၀၀ ကျပ်နဲ့ ရွှေဈေးနှုန်း ရုတ်တရက်ဆိုသလို ကျဆင်းခဲ့ပေမယ့် ရောင်းသူဝယ်သူ စျေးကွက်စောင့်ကြည့်တဲ့ အနေအထားဖြစ်လို့ အရောင်းအဝယ် အေးခဲ့ပါတယ်။
 
အဲဒီနေ့မှာ ရွှေစျေးကျဆင်းသွားပေမယ့် အမေရိကန် တဒေါ်လာကို ၃,၇၂၀ ကျပ်၊ တယူရိုကို ၃,၉၆၁ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၂,၆၇၀ ကျပ်နဲ့ ထိုင်းတဘတ်ကို ၁၀၄ ကျပ်အထိ ဈေး မြင့်တက်ခဲ့ပါတယ်။
 
ဒါပေမယ့် အကယ်ဒမီ မီးလင်းရွှေစျေးဟာ သြဂုတ် ၂၃ ရက်မှာတော့ ၃,၈၁၀,၀၀၀ ကျပ်နဲ့ ၂၄ ရက်မှာတော့ ၃,၈၄၀,၀၀၀ ကျပ်ဝန်းကျင်ကို မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
 
သြဂုတ်လ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာတော့ အမေရိကန် တဒေါ်လာကို ၃,၆၈၀ ကျပ်ကို ကျဆင်းခဲ့ပေမယ့် တယူရိုကို ၄,၀၄၈ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၂,၆၉၈ကျပ်၊ ထိုင်းတဘတ်ကို ၁၀၅ ကျပ်ထိ ဈေးထပ်တက်ခဲ့ပါတယ်။
 
အလားတူပဲ သြဂုတ်လ ၂၄ ရက်မှာ အမေရိကန်တဒေါ်လာကို ၃,၆၈၈ကျပ်၊ တယူရိုကို ၄,၁၁၃ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၂,၇၀၀ ကျပ်၊ ထိုင်းတဘတ်ကို ၁၀၆ ကျပ်အထိ ဈေးဆက်လက်မြင့်တက်လာပါတယ်။
 
သြဂုတ်လ ၂၅ ရက်တော့ အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃,၇၉၀,၀၀၀ ကျပ် ရှိခဲ့ပြီး နှစ်ရက်အတွင်း ငါးသောင်း ကျဆင်းခဲ့သလို သြဂုတ်လ ၂၆ ရက်မှာလည်း အကယ်ဒမီ မီးလင်းရွှေ တကျပ်သားကို ၃,၇၇၅,၀၀၀ ကျပ်အထိ ကျဆင်းခဲ့ပေမယ့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးခဲ့တယ်လို့ သိရပါတယ်။
 
ဒါပေမယ့် ၂၅ ရက်နဲ့ ၂၆ ရက်တွေမှာတော့ အမေရိကန်တဒေါ်လာကို ၃,၇၃၈ ကျပ်၊ တယူရိုကို ၄,၀၉၁ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၂,၆၉၅ ကျပ်၊ ထိုင်းတဘတ်ကို ၁၀၆ ကျပ်နဲ့ ဈေးငြိမ်နေတာကို တွေ့ရပါတယ်။
 
သြဂုတ်လ ၂၁ ရက် တနင်္လာမှာတော့ ကမ္ဘာ့ရွှေတအောင်စကို ၁,၈၈၉ ဒေါ်လာ ရှိခဲ့ပေမယ့် သြဂုတ်လ ၂၆ ရက်၊ စနေနေ့မှာတော့ ကမ္ဘာ့ရွှေ တအောင်စကို ၁,၉၁၄ ဒေါ်လာအထိ ရှိခဲ့ပြီး တပတ်အတွင်း ၁၅ ဒေါ်လာ ဈေးမြင့်တက်ခဲ့တာပါ။
 
တပတ်အတွင်း ရွှေဈေးနှုန်းကို ကြည့်မယ်ဆိုရင် ကမ္ဘာ့ရွှေစျေးက ကွာခြားချက် သိပ်မများပေမယ့် မြန်မာ့ရွှေစျေးကတော့ ဈေးနှုန်းတည်ငြိမ်မှု မရှိတဲ့ အနေထားဖြစ်နေပြီး ရွှေကုန်သည်တွေအနေနဲ့ ရွှေဈေးနှုန်း တည်ငြိမ်ဖို့နဲ့ ဈေးနှုန်း ကျဆင်းဖို့ကို မျှော်လင့်နေကြပါတယ်။
 
ဓာတ်ပုံ – AFP