ဝက်လက်မှာ စစ်တပ်က အမျိုးသမီးတဦးကို အဓ္ဓမပြုကျင့်သတ်ဖြတ်မှုအပါအဝင် လေးဦးကို သတ်ဖြတ်

သြဂုတ်၊ ၂၇
 
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျီးကန် (မြောက်)ရွာမှာ စစ်ကောင်စီတပ်က စစ်ရှောင်နေတဲ့ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့ပြီး အမျိုးသားသုံးဦးကိုလည်း လည်ပင်းလှီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ ကျီးကန် (မြောက်)ရွာက မိသားစုလေးဦးအပါအဝင် စိတ်ဝေဒနာသည် အမျိုးသားတဦး ဖမ်းခံရတယ်။ နောက် ကျီးကန်ရွာက စုစုပေါင်းခြောက်ဦးကို ဖမ်းခေါ်သွားတယ်။ အဲ့ထဲကမှ သမီးဖြစ်သူနဲ့ အဖေဖြစ်သူ အပါအဝင်လေးဦး အသတ်ခံလိုက်ရတာ ” လို့ ဝက်လက်ဒေသခံ ကိုနဂါးလေးက ပြောပါတယ်။
 
သေဆုံးခဲ့သူတွေဟာ အသက် ၅၅ နှစ်အရွယ် ဦးတင်ဆန်းနဲ့ သမီးဖြစ်သူ အသက် နှစ်ဆယ်အရွယ် မရွှေမန်းသူ၊ အသက် ၅၆ နှစ်အရွယ် ဦးဟန်ဆွေနဲ့ ကျီးကန်(တောင်)ရွာက စိတ်ကျန်းမာရေးမကောင်းသူ အသက် ၃၅ နှစ်အရွယ် ကိုနိုင်လင်း တို့ဖြစ်ပြီး လေးဦးလုံးကို လည်ပင်းလှီး သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီစစ်ကြောင်းဟာ သြဂုတ်လ ၂၅ ရက်မှာ ရွှေဘို-မန္တလေး ကားလမ်းပေါ်က ရွာသာကြီးရွာထဲ ညအိပ်တပ်စွဲပြီးနောက် နောက်ရက်မနက် ၈ နာရီခန့်မှာ ကျီးကန်မြောက်ရွာကို ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းထဲမှာ စစ်ရှောင်နေတဲ့ မိသားစုလေးဦးအပါအဝင် ဒေသခံ ခြောက်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
 
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးထားတဲ့ ဒေသခံခြောက်ယောက်ကို ရွှေဘို-မန္တလေး ကားလမ်းမပေါ်က လမ်းဘေးမှာရှိတဲ့ တိုက်တလုံးထဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီလို စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အမေဖြစ်သူနဲ့ ယောင်းမဖြစ်သူကို အဲဒီတိုက်ထဲ သော့ခတ်ထားခဲ့ပြီး သမီးဖြစ်သူကို အဓမ္မပြုကျင့်ကာ အဖေဖြစ်သူအပါအဝင် လေးဦးစလုံးကို ကျီးကန်ရွာနဲ့ လှတောရွာ အကြားက သရက်ခြံထဲမှာ သတ်ဖြတ်ခဲ့တယ်လို့ ကိုနဂါးလေးက ပြောပါတယ်။
 
“ စစ်ကြောင်းပြန်ထွက်သွားတော့ နယ်မြေခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ဒီနေ့ကျီးကန်ဖက်ကို နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါမှာ ကျီးကန်(မြောက်)ရွာနဲ့ လှတောရွာရဲ့တောင်ဖက်ခြမ်းမှာရှိတဲ့ သရက်ခြံထဲမှာ အလောင်းတွေ တွေ့ခဲ့တာပေါ့။ အမျိုးသမီးကတော့ အပေါ်ပိုင်းတွေ လှန်လှောခံထားတဲ့ပုံပဲ။ အောက်ကတော့ လုံးလုံးကြီး မပါတော့ဘူး ” လို့ ကိုနဂါးလေးက ဆိုပါတယ်။
 
အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိချိန်မှာတော့ အမျိုးသမီးရဲ့မအင်္ဂါထဲကို ရိုင်ရယ်ဒီဘူး ထည့်သွင်းထားတာကို တွေ့ရှိခဲ့တယ်လို့လည်း ကိုနဂါးလေးက ဆက်လက်ပြောကြားပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ကျီးကန်(မြောက်)ရွာက ဘုန်းကြီးကျောင်းအတွင်းက စစ်ရှောင်အရပ်သားတွေဆီက ငွေသား ၅၁၉ သိန်းနဲ့ ရွှေဆွဲကြိုး၊ ဖုန်းအလုံးနှစ်ဆယ်ကျော်တို့ကိုပါ ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
 
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေကတော့ ကျီးကန်(မြောက်)ရွာအနီးမှာ နယ်မြေရှင်းလင်းတဲ့ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေး (PDF)တပ်ဖွဲ့ဝင် လေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ရေးသားနေတာ တွေ့ရပါတယ်။
 
ဒါပေမယ့် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ကတွေက စွပ်စွဲချက်တွေလည်း ရှိပါတယ်။
 
ဓာတ်ပုံ – Wetlet Information Network