အထွေထွေအကျပ်အတည်းတွေကြောင့် တောင်ပြုံးပွဲတော် အရင်ကလောက် မစည်ကား

သြဂုတ်၊ ၂၇
 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက နာမည်ကျော် တောင်ပြုံးနတ်ပွဲကို စစ်ကောင်စီက ပြန်လည်ကျင်းပပေးနေပေမယ့် အရင်ကလောက် မစည်ကားတော့ဘဲ ပွဲတော်အနီးအနားက ဒေသခံတချို့နဲ့ နတ်ကိုးကွယ်သူတချို့သာ သွားရောက်ကြပါတယ်။
 
” အရင် ခေတ်အခါကောင်းတုန်းကဆိုရင် တို့ရွာတွေမှာ လူဦးရေ ၁၅၀ နဲ့ နှစ်ရာလောက် ရွာထဲက ထွက်ကြတာ။ အရင်ကဆို အောက်နန်းတွေ ချော့တယ်လေ။ ဒီ ၁၁ ရက်နေ့ဆို ချော့ပြီးလေ။ အခုက ဘယ်နန်းမှ မချော့ဘူး။ အောက်နန်း မချော့မှတော့ ပွဲမစည်ဘူးသာ ပြောလိုက်တော့ ” လို့ ယင်းမာပင်မြို့နယ်၊ LGBT မကြီးစန်းက ဆိုပါတယ်။
 
” နတ်ရေး နတ်ရာနဲ့ ဆိုင်တဲ့သူတွေကတော့ လာမှာပေါ့။ နတ်တာဝန် ထမ်းဆောင်တဲ့ သူတွေက မသွား မရဘူးလေ ” လို့ ဖြည့်စွက်ပြောပါတယ်။
 
နှစ်စဉ်ကျင်းပတဲ့ တောင်ပြုံးပွဲတော်ကို နိုင်ငံအနှံ့အပြားက လူပေါင်း သိန်းနဲ့ချီ လာရောက်ကြပေမယ့် ဒီနှစ်မှာတော့ ကုန်စျေးနှုန်း ကြီးမြင့်မှု၊ အထွေထွေကုန်ကျစရိတ် ကြီးမားမှုတွေကြောင့် အနယ်အနယ်အရပ်ရပ်က ခရီးသွားတွေ လာရောက်တာ မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
“ လူလုံးဝမရှိတာမျိုးတော့ မဟုတ်ဘူး။ ရှိတယ်။ ဘာလို့လည်းဆိုတော့ ရိုးရာအရကိုက ပွဲတော်အနီးအနားက ရွာတွေက သွားကြရတယ်လေ။ ချိုးရေတော် သုံးတဲ့နေတို့၊ ယုန်ထိုးတဲ့ နေ့လို သူ့ရက်နဲ့သူ သက်ဆိုင်တဲ့သူတွေက သွားကြရတာ ရှိတယ်။ အရင်ကလို တခြားတိုင်းနဲ့ ပြည်နယ်တွေကအထိ လာတာမျိုးတွေတော့ မရှိတော့ဘူး ” လို့ မန္တလေးဒေသခံတဦးက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဒီချုပ်အစိုးရ လက်ထက်က ကိုဗစ်ကာလ ရောဂါဖြစ်ပွားချိန်မှာ ကျင်းပခွင့် ပိတ်ပင်ခဲ့ပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက် ပုံမှန်ပြန်လည် ကျင်းပနေပြီး အခုနှစ်တောင်ပြုံးပွဲတော်ကို တိုင်းစစ်ကောင်စီအဖွဲ့က ဒီလ ၂၄ ရက်ကနေ လကုန်ရက်အထိ ပွဲတော်နေ့အဖြစ် သတ်မှတ်ကျင်းပေးနေတာပါ။
 
“ တောင်ပြုံးပွဲရှိတဲ့ နေ့တွေဆိုရင် မန္တလေး-မတ္တရာ သွားတဲ့ကားလမ်းက ပွဲတော်ဝင်ပေါက်နေရာအထိ တောက်လျှောက် ကားလမ်းပိတ်တယ်လေ။ အခု အဲ့လိုသိပ်မတွေ့ရဘူး။ နောက်ပြီး တောင်ပြုံးလာတဲ့သူတွေက မန္တလေးတို့ ပြင်ဦးလွင်တို့ သွားလည်ကြတာ ရှိတယ်။ ကားတွေမှာ တောင်ပြုံးသို့ ဆိုပြီး စာတမ်းကြီးတွေ ချိတ်သွားလာတတ်ကြတယ်။ ဒီနှစ် အဲဒီလိုတွေ မမြင်ရဘူး ” လို့ အသက်သုံးဆယ်အရွယ် မန္တလေးမြို့ခံ အမျိုးသားတဦးက ပြောပါတယ်။
 
တောင်ပြုံးပွဲ စတင်ချိန်မှာ ပွဲတော်ကို သွားရောက်တဲ့ ဒေသခံတချို့ကို စစ်ကောင်စီတပ်တွေက မန္တလေး-မတ္တရာသွား ကားလမ်းမပေါ်ရှိ ရွှေကျင်စစ်ဆေးရေးဂိတ်မှာ လူ၊ ကား လိုင်စင်တွေကို စစ်ဆေးပြီး ငွေကြေးတောင်းခံတာတွေ လုပ်နေတယ်လို့ မတ္တရာ ဒေသခံတွေက ဆိုပါတယ်။
 
“ အဲဒီ (ရွှေကျင်) ဂိတ်မှာ အဖွဲ့ပေါင်းစုံရှိတယ်။ စစ်ဆေးနေတာက ဥပမာ-လိုင်စင် သက်တမ်းကုန်နေတာတို့၊ လိုင်စင်မပါလာတာတို့ ဆိုရင် ငွေတောင်းတယ်။ အစုံမပါရင်တော့ ဘယ်လိုမှ ပြောမရဘူး။ ပိုက်ဆံတောင်းတယ် မထင်ရင် မထင်သလို၊ မှတ်ပုံတင်တို့ ဆိုင်ကယ်တူးဖောက်တွေ ဖွင့်စစ်တာတွေ လုပ်နေတယ် ” လို့ မတ္တရာဒေသခံတဦးက ဆိုပါတယ်။
 
စစ်ကောင်စီက ဦးစီးကျင်းပနေတဲ့ တောင်ပြုံးပွဲတော်ကို မသွားရောက်ကြ ပြီးခဲ့တဲ့ နှစ်တွေက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောကြားတာတွေ ရှိပေမယ့် ယခုနှစ်မှာ အဲဒီလို တားဆီးခဲ့တာမျိုး မရှိတော့ပါဘူး။
 
အရင်က တောင်ပြုံးပွဲကို စစ်ကိုင်းတိုင်း အထက်ပိုင်းက နတ်ကိုးကွယ်ယုံကြည်သူတွေ၊ နတ်ကတော်တွေနဲ့ ဒေသခံတွေက အုပ်စုလိုက်သွားတတ်ကြပေမယ့် စစ်ကောင်စီလက်ထက် ကျင်းပနေတဲ့ တောင်ပြုံးပွဲကို သွားရောက်တာ မရှိတော့ဘူးလို့ ယင်းမာပင်မြို့နယ် LGBT မကြီးစန်းက ပြောပါတယ်။
 
“ စစ်ကိုင်းတိုင်းထဲက မသွားပါဘူး။ နည်းနည်းပါးပါး သွားတဲ့သူက နတ်ကတော်တွေတော့ မဟုတ်ဘူး။ နတ်ရေးနတ်ရာနဲ့ အလုပ်လုပ်စရာရှိတဲ့သူလောက် သွားမှာပေါ့။ ပုလဲနယ်တို့ ယင်းမာပင်နယ်တို့ကဆိုရင်တော့ သေချာပေါက် စစ်ဆေးပြီသာ မှတ်လိုက်တော့။ သူတို့ အလိုရှိတဲ့ ဒေသကဆိုတော့ လုံခြုံရေးအရ စိတ်မချရဘူး ” လို့ သူကဆိုပါတယ်။
 
” ရန်ကုန်၊ မန္တလေးလည်း အရင်ခေတ်အခါကောင်းသလောက် မသွားကြဘူး။ ကလေး၊ တမူး၊ ကသာတို့ ဖားကန့်တို့ဖက်ကသူတွေ မဆင်းကြဘူး ” လို့လည်း ဖြည့်စွက်ပြောပါတယ်။
 
တောင်ပြုံးပွဲတော်ကို လူကိုယ်တိုင် မသွားရောက်နိုင်ကြပေမယ့် နတ်ကတော်တွေနဲ့ နတ်ယုံကြည်သူတွေကတော့ မိမိတို့နေအိမ်မှာတင် ပွဲတော်ကို ကျင်းပကြတယ်လို့လည်း သူကဆိုပါတယ်။
 
တောင်ပြုံးပွဲတော်ကို ပထမနေ့နဲ့ ဒုတိယနေ့မှာ ကန်တော့ခံ၊ တတိယနေ့ည ညီလာခံဝင်၊ စတုတ္တနေ့ ချိုးရေတော်သုံး၊ ပဥွမနေ့ နန်းတက်ပွဲ၊ ဆဌမနေ့ ယုန်ထိုး၊ သတ္တမနေ့ ထိမ်ပင်ခုတ် နဲ့ အဌမနေ့ ရွှေဘုံဆင်း ဆိုပြီး အခမ်းအနားရှစ်မျိုး ခွဲပြီး ကျင်းပလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဓာတ်ပုံ – MDN (ပုံဟောင်း)